မြန်မာနိုင်ငံစျေးကွက်ကို ဂျာမနီအခြေစိုက် Metro ကုမ္ပဏီ စတင်ဝင်ရောက်လာ

မြန်မာနိုင်ငံစျေးကွက်ကို ဂျာမနီအခြေစိုက် Metro ကုမ္ပဏီ စတင်ဝင်ရောက်လာ

ရန်ကုန်၊မတ် ၉ ။         ။  စားသောက်ကုန်များကို လက်ကားရောင်းဝယ်ပို့ဆောင်ပေးနေသည့် ဂျာမနီနိုင်ငံ အခြေစိုက် Metro  ကုမ္ပဏီ သည်  မြန်မာနိုင်ငံ၏ စျေးကွက်သို့ တရားဝင်စတင်ဝင်ရောက်လာခြင်း မိတ်ဆက်ပွဲကိုမတ်လ ၈ရက်က ပြုလုပ်ခဲ့သည်။

ယင်းကုမ္ပဏီသည် ဟိုတယ်များ၊စားသောက်ဆိုင်များနှင့် အစားအစာများကို ချက်ပြုတ် တည်းခင်းဧည့်ခံသည့် လုပ်ငန်းဖြစ်ပြီး စားသောက်ကုန်လုပ်ငန်းများအတွက် စားသောက်ကုန်များ အပါအဝင် အစားအစာ ချက်ပြုတ် ရာ၌ အသုံးပြုသော လူသုံးကုန်ပစ္စည်းများကို စျေးကွက်တွင် လက်ကားရောင်းချ ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

 "အစ်မတို့ Metro Wholsale Myanmarကဆိုရင် မနှစ်က ၂၀၁၈ နိုဝင်ဘာ ၁ရက်နေ့ကတည်းက စပြီးတော့ အစ်မတို့ရဲ့ B2B customerဖြစ်တဲ့ စားသောက်ဆိုင်တွေ၊ဟိုတယ်တွေ၊အစားသောက်တည်းခင်းပြီး ပြင်ဆင် ချက်ပြုတ် ပို့ဆောင်ပေးတဲ့လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ဝန်ဆောင်မှုပေးခဲ့ပါတယ်။ဒီနေ့မှာတော့ အစ်မ တို့က စျေးကွက်ထဲကို တရားဝင်စတင်ဝင်ရောက်တဲ့ အထိမ်းမှတ်အနေနဲ့ မိတ်ဆက်တဲ့အခမ်းနား ပြုလုပ်တာ ဖြစ်ပါတယ်" Metro ကုမ္ပဏီမှ Head Of Communications & PR မသီရိကြာညို က ပြောသည်။

အဆိုပါ Metro ကုမ္ပဏီ အနေဖြင့် စျေးကွက်ကို တရားဝင် စတင်ဝင်ရောက်သည့် အထိမ်းမှတ် မိတ်ဆက်ပွဲကို မတ်လ၈ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပဲခူးကလပ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

"အစ်မတို့ Customerတွေကနေပြီးတော့ အစ်မတို့ဆီမှာလိုချင်တဲ့ အရောင်းစားသောက်ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ Order တင်ပါတယ်။ Order တင်တာနဲ့တပြိုင်တည်း အစ်မတို့  E - Commerce System ကနေ Delivery System ကိုတန်းရောက်ပါတယ်။အဲဒီစနစ်ကနေပြီးတော့ Orderတွေကို သေချာထုတ်ပိုး ပြင်ဆင်ပြီးတော့ အအေးခန်းကားတွေနဲ့ ပို့ဆောင်ပေးမှာလည်းဖြစ်ပါတယ်" မသီရိကြာညို က ဆိုသည်။

 မြန်မာနိုင်ငံ၏ စျေးကွက်သို့ ဝင်ရောက် လာခြင်းသည် Metro ကုမ္ပဏီ၏ ၃၆နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကနဦးအနေဖြင့် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ ၁ဝသန်းခန့် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly