အိန္ဒိယမှာ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းသွားဖို့ ပါကစ္စတန်ဘက်က ဆောင်ရွက်ပေးသင့်

အိန္ဒိယမှာ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းသွားဖို့ ပါကစ္စတန်ဘက်က ဆောင်ရွက်ပေးသင့်

ပြီးခဲ့တဲ့လက အိန္ဒိယရှိ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရဲ့ Pulwama မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်မှာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ Jaish-e-Mohammad (JeM) က အသေခံဗုံးခွဲသမား တစ်ဦးကြောင့် အိန္ဒိယ Central Reserve ရဲတပ်ဖွဲ့ယာဉ်တန်းမှာ လိုက်ပါလာတဲ့ တပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးသွားခဲ့ပါတယ်။ ယင်းတိုက်ခိုက်မှုကြောင့် ယင်းဒေသမှာရော၊ အထူးသဖြင့် ပါကစ္စတန်တွင်သာမက နိုင်ငံတကာ အသိုက်အဝန်းတစ်ခုလုံးမှာပါ အကြမ်းဖက်မှုကို အရေးပေါ် တိုက်ဖျက်ဖို့ လိုနေပြီ ဆိုတာကို ပိုမို ထင်ရှားစေခဲ့ပါတယ်။

Pulwama တိုက်ခိုက်မှုမှာ တာဝန်ရှိကြောင်း ထုတ်ဖော်ထားခဲ့တဲ့ JeM အဖွဲ့ကတော့ ယခင်ကာလကတည်းက အိန္ဒိယကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ထားခဲ့ပြီး ၂၀၀၁ ဒီဇင်ဘာက နယူးဒေလီရှိ အိန္ဒိယပါလီမန် နှင့် ၂၀၁၆ ဇန်နဝါရီလက အိန္ဒိယလေတပ်အခြေစိုက်စခန်းတို့ကို တိုက်ခိုက်မှုတွေလည်း ရှိထားတယ်လို့ အိန္ဒိယ အစိုးရက ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း တာဝန်သိတဲ့ နိုင်ငံတကာအသိုက်အဝန်း အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အစ္စလာမ်မာဘတ် ဘက်က ဆောင်ရွက်ပေးလိုခြင်း မရှိမှုကလည်း ပါကစ္စတန်နှင့် အိန္ဒိယအကြား အပြန်အလှန်တင်းမာမှုတွေကို ပိုတိုးစေခဲ့ပါတယ်။ ယင်းနောက် ပါကစ္စတန်ရှိ အကြမ်းဖက် လေ့ကျင့်ခန်း အဆောက်အအုံတစ်ခုအပေါ် အိန္ဒိယဘက်က လက်တုန့်ပြန်တိုက်ခိုက်ခဲ့မှု၊ အနည်းဆုံး အိန္ဒိယ စစ်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရမှုတို့ ဖြစ်ပေါ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် ပါကစ္စတန်ရှိ JeM ရဲ့ အကြီးဆုံး လေ့ကျင့်ရေးကမ့်တစ်ခုကို ပစ်မှတ်ထားပြီး စစ်ရေးအရ မဟုတ်ဘဲ အကြမ်းဖက်ဖြစ်မလာခင် ကြိုတင်လက်ဦးမှု ရယူသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယ အစိုးရက ပြောပါတယ်။ ဒါပေမယ့်လည်း JeM ဘက်က အိန္ဒိယမှာ အလားတူ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေကြောင်း အိန္ဒိယဘက်က ခိုင်မာတဲ့ သတင်းတစ်ရပ် ရယူပြီးနောက် ယင်းတိုက်ခိုက်မှုကို လုပ်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယလေပိုင်နက် ကျူးကျော်မှု၊ အိန္ဒိယစစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ တိုက်လေယာဉ်ပစ်ချမှု တို့အပါအဝင် ဖေဖော်ဝါရီ အသေခံဗုံးခွဲမှုဖြစ်စဉ်နောက်ပိုင်း ပါကစ္စတန်တို့ဘက်က အကြောင်းမဲ့ ရန်စမှု လုပ်ရပ်တွေကို ရည်ရွယ်ပြီး ယခု နယူးဒေလီက ကြီးကြပ်တဲ့ စစ်ရေး အရေးယူဆောင်ရွက်မှုကို လုပ်ခဲ့တာလို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

ယင်းရဲ့ နယ်မြေပိုင်နက်ထဲမှာ အကြမ်းဖက်မှုအတွက် အသုံးချလုပ်ကိုင်ခွင့် မပြုပါဘူးဆိုတဲ့ ၂၀၀၄  ကတိ ကဝတ်တွေကိုလည်း အစ္စလမ်မာဘတ်ဘက်က လိုက်နာဖို့ ပျက်ကွက်ထားခဲဲ့့တဲ့ အထောက်အထားတွေ ရှိနေတာကြောင့်လည်း ယခု လက်ဦးမှု ရယူတိုက်ခိုက်မှုကို မဖြစ်မနေလုပ်ခဲ့ရတာလို့ နယူးဒေလီက ပြောပါတယ်။ ဖေဖော်ဝါရီ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အိန္ဒိယရဲ့ တန်ပြန်စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရက ပြောကြားရာမှာတော့ အစ္စလာမ်မာဘတ်အနေနဲ့ ယင်းရဲ့ ကတိကဝတ်တွေကို ရှောင်ဖယ်ပြီး လက်ရှိ လုံခြုံရေးအခြေအနေကို ဖရိုဖရဲဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ခုလို  အကြမ်းဖက်မှု အပေါ် အိန္ဒိယတို့ရဲ့ တုန့်ပြန်တိုက်ခိုက်တာဟာ လာမယ့် ရွေးကောက်ပွဲတွေအတွက် တမင်ရည်ရွယ် လုပ်ဆောင်တာလို့ ပါကစ္စတန်တို့ဘက်ကလည်း စောင်းမြောင်း ပြောတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့တွေ အိန္ဒိယမှာ လှုပ်ရှားဆောင်ရွက်တာတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ဖလှယ်ဝေမျှဖို့နဲ့ အရေးယူတာတွေ လုပ်ဖို့ အိန္ဒိယက ထပ်တလဲလဲ ပြောဆိုထားခဲ့ပါတယ်။ဒါပေမယ့်လည်း ယင်းရဲ့ ထိန်းချုပ်မှု နယ်မြေထဲမှာ အဆိုပါ အကြမ်းဖက်အဖွဲ့တွေ မရှိကြောင်းနဲ့ ယင်းတို့ရဲ့ အခြေစိုက်နေရာတွေ မရှိဘူးဆိုပြီး ပါကစ္စတန်ဘက်က ထပ်တလဲလဲ ငြင်းဆန် ထားပါတယ်။ ရလဒ်အနေနဲ့ အကြမ်းဖက်အဖွဲ့တွေဟာ အိန္ဒိယကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်စီစဉ်လုပ်ဆောင်နိုင်ခဲ့ပြီး လုပ်ပြီးတာနဲ့ ပါကစ္စတန်မှာ ခိုလှုံခွင့်ရပြီး အရေးယူမခံရဘဲ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံတကာ ဥပဒေ၊ စံနှုန်းတွေနဲ့အညီ လက်ရှိ အိန္ဒိယ-ပါကစ္စတန် အကျပ်တည်းကို ပြေလျော့စေနိုင်ရေး ပါကစ္စတန်ကို ဖိအားပေးဖို့ အိန္ဒိယအစိုးရက နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလျက် ရှိပါတယ်။ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတွေမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးအပေါ် ကြီးစွာခြိမ်းခြောက်နေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်နဲ့အညီ လုပ်ဆောင်တာဖြစ်ကြောင်း နယူးဒေလီက ပြောပါတယ်။ အကြမ်းဖက်မှုတွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ထုတ်ဖော်တာဝန်ခံခိုင်းရေး လုပ်ဆောင်တာဖြစ်ပါတယ်။

လက်ရှိ တောင်အာရှနှင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဖြစ်နိုင်ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရချိန် နိုင်ငံတကာနှင့် ပြည်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ခြင်းကနေ ရရှိလာတဲ့ သင်ခန်းစာတွေကို ကျင့်သုံးလိုက်နာဖို့ ပိုမို အရေးကြီးလာနေပါတယ်။

ပထမအနေဖြင့် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်လုပ်ရပ်များကို နှိမ်နင်းရန်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် အကြား နီးနီးကပ်ကပ် ဆက်ဆံပြီး လက်တွဲလုပ်ဆောင်ကာ ဆက်သွယ်ရေးလိုင်းများကိုလည်း ဖွင့်လှစ် ထားရမှာဖြစ်ပါတယ်။ ယင်းသို့ အစိုးရချင်း ဆက်ဆံချိတ်ဆက်ခြင်း မရှိပါက နိုင်ငံတစ်နိုင်ငံရှိ အကြမ်းဖက်မှုက နိုင်ငံတကာ နယ်နမိတ်များကို ဖြတ်ကာ အလွယ်တကူ ပြန့်နှံ့ကူးစက်သွားနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒေသမှာ မကြာခင်က ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို ဖယ်ထားလို့ မရဘူးဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ယင်း ပါကစ္စတန်ရှိ အကြမ်းဖက် လေ့ကျင့်ရေးစခန်းများက သီအိုရီအားဖြင့် ကမ္ဘာ့ဘယ်နေရာမဆို တိုက်ခိုက်ဖို့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဒုတိယကတော့ မည်သည့် နိုင်ငံအစိုးရတိုင်းမဆို ၎င်းတို့နိုင်ငံတွင်းမှာ အကြမ်းဖက်အဖွဲ့တွေ ပေါက်ဖွားနိုင်တဲ့ အခြေအနေတွေကို လျော့ပါးအောင် ဦးစားပေးလုပ်ကိုင်သင့်ခြင်းဖြစ်ပါတယ်။ ယင်းအပြင် အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ အင်အားသုံးရုံနဲ့ မလုံလောက်သေးပါဘူး။ လူအဖွဲ့အစည်းတွင်းက လူမှု အသိုက်အဝန်းထဲက အကြမ်းဖက်မှုရဲ့ အခြေခံအကြောင်းရင်းတွေကို ဖယ်ရှားနိုင်မယ့် ခိုင်မာတဲ့ အားထုတ်မှုတွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် ပါကစ္စတန်တို့အနေနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်မယ့် တာဝန်သိ နိုင်ငံတကာ အသိုက်အဝန်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ဆောင်ရွက်ပေးဖို့ အရေးကြီးလှပါတယ်။ ယင်းမှသာလျင် တောင်အာရှဒေသမှာသာမက ယင်းကို ကျော်လွန်ပြီးတော့ပါ ငြိမ်းချမ်းမှု ၊တည်ငြိမ်မှုတို့ကို ထိန်းသိမ်း ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အလားတူ အခြား နိုင်ငံတွေက အစိုးရတွေအနေနဲ့လည်း အကြမ်းဖက်မှုရဲ့ ခြောက်လှန့်မှုတွေကို ၀ိုင်းဝန်းစောင့်ကြည့်ပေးရမှာဖြစ်ပါတယ်။ နိုင်ငံခြားနယ်မြေတွေမှာ အကြမ်းဖက်မှု အခြေစိုက်စခန်းတွေ အားကောင်းလာခြင်းက တောင်အာရှဒေသမှာ နောက်ထပ် တင်းမာမှုတွေကို ပိုဖြစ်လာစေနိုင်ပါတယ်။

မကြာခင်က လူများစွာသေဆုံးစေခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှု၊ ယင်းဖြစ်စဉ်ဖြစ်ပြီး ပါကစ္စတန်အစိုးရဘက်က လိုအပ်တဲ့ ဆောင်ရွက်ပေးမှုမျိုး မရှိခြင်းတို့ကို တွေ့ခဲ့ရပြီးနောက် အိန္ဒိယအစိုးရအနေနဲ့ ယင်းရဲ့ အမျိုးသား လုံခြုံရေးကို ကာကွယ်နိုင်ရေး လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို သေချာပေါက် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။ အလားတူ အကြမ်းဖက်မှုတွေ အမြစ်ပြတ်တိုက်ဖျက်ဖို့ကိုလည်း အိန္ဒိယက ကတိပြုထားပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ ပါကစ္စတန်ကိုလည်း ယင်းရဲ့ နယ်မြေထဲမှာ အကြမ်းဖက် အဖွဲ့တွေ လှုပ်ရှားနေမှုတွေကို ထောက်ပံ့ပေးနေတာတွေ ရပ်ဆိုင်းဖို့၊ အခြားနိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် အကြမ်းဖက်အဖွဲ့တွေရဲ့ အခြေခံအဆောက်အအုံတွေကို ဖြိုဖျက်ပစ်ဖို့ အိန္ဒိယက တောင်းဆိုနေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly