မန္တလေး ကျုံးမျက်နှာစာ နှစ်ဖက်တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်

မန္တလေး ကျုံးမျက်နှာစာ နှစ်ဖက်တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၉ ။      ။ ယခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်ကို ကျုံးမျက်နှာစာ နှစ်ဖက်တွင် ပြုလုပ်သွားမည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

မန္တလေး လမ်းလျှောက်သင်္ကြန်ကို စတင်ထည့်သွင်း ကျင်းပခဲ့သည့်နှစ်မှစ၍ ကျုံးတောင်ဘက်ခြမ်းတွင်သာ ပြုလုပ်ခဲ့ပြီး ယခုနှစ် လမ်းလျှောက်သင်္ကြန်ကိုကျုံးအရှေ့ဘက်ခြမ်းမှာပါ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

"မနှစ်ကထင်မှတ်ထားတာထက်ပိုစည်ကားခဲ့လို့ ဒီနှစ်လမ်းလျှောက်သင်္ကြန်ကို ကျုံးရဲ့ မျက်နှာစာ၂ဖက် ၂၆လမ်းနဲ့၆၆လမ်းမှာလုပ်ပါမယ်။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

မန္တလေးမြို့တွင် လမ်းလျှောက်သင်္ကြန် အပါအဝင် တောသင်္ကြန်ကိုလည်း ၆၆လမ်း၊၁၉လမ်းနှင့်၂၃လမ်းကြား တွင် ပြုလုပ်သွားမည်ဟု သိရပြီး ရေကစားကြသူများ အလွယ်တကူ စားသောက်နိုင်ရန်အတွက် မြန်မာ့ရိုးရာ အစားအစာဆိုင်များနှင့် စားသောက်ဆိုင်များကိုလည်း နေ့၊ည ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း အလွှာစုံ ပျော်ရွှင်စွာ ရေပက်ကစားနိုင်ကြရန်အတွက် ရေကစားမဏ္ဍပ်နှုန်းထားများကိုလည်း ယခင်နှစ်က စျေးထက် လျှော့ချပေးထားကြောင်း မြို့တော်ဝန်က ဆက်ပြောသည်။

"မိသားစုများ လုံခြုံစိတ်ချ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ဖို့ မနှစ်ကနှုန်းရဲ့တစ်ဝက်နှုန်းဖြစ်တဲ့ မျက်နှာစာ ၁ဝပေနေရာကို ငွေကျပ်၅သိန်း၊ ပေ၂ဝကို ၁ဝသိန်း နဲ့ ပေ၃ဝကို ၁၅သိန်းနှုန်းသတ်မှတ်ထားပါတယ်။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

သင်္ကြန်ကာလအတွင်း လမ်းရဝနှင့်၁၄လမ်းရှိ အဆင့်သန့်စင်ခန်းများနှင့်အသစ်တည်ဆောက်ထားသည့် ၆၆လမ်း လူသွားလမ်းအား မပျက်စီးစေရန်အတွက် ပိတ်ထားမှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့မှ ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဟုလည်း ဒေါက်တာရဲလွင်ကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly