မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ရကိုင်ရလွယ်ကူမှုအခြေအနေ အဆင့် တက်လာရန် နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်နေ

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ရကိုင်ရလွယ်ကူမှုအခြေအနေ အဆင့် တက်လာရန် နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်နေ

မတ် ၉၊ ရန်ကုန် ။       ။ ကမ္ဘာ့ဘဏ် (World Bank) မှ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်သောအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ် ကိုင်ရလွယ်ကူမှုအခြေအနေ (Ease of Doing Business Ranking) အဆင့်မြင့်တက်လာစေရန် ကမ္ဘာ့ဘဏ် အုပ်စုမှ နိုင်ငံတကာဘဏ္ဍာရေးကော်ပရေးရှင်း (IFC - World Bank Group) တို့နှင့် ပူးပေါင်းလုပ်ဆောင်နေ ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လုပ်ငန်းများလုပ်ဆောင်ရာတွင် အဆင့်များနည်းရန်နှင့် အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ် နည်းပါးရန် လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ကပြောသည်။

"အရေးကြီးတာကတော့ လုပ်ငန်းအဆင့်က အကြမ်းမျဉ်းပြောရရင် အဆင့်နည်းရမယ်။ အချိန်ကုန်သက်သာရ မယ်။ အချိန်တိုရမယ်။ ပြီးရင်ကုန်ကျစရိတ်နည်းရမယ်။ အဲဒါအဓိက ပေတံဘဲ။ အဆင့်တွေသိပ်များနေရင် အဲဒီ အဆင့်ကိုလျော့ချတာ Reform ပဲ။ နောက်တစ်ခုက ဥပဒေမရှိလို့လုပ်မရဘူး။ မလွယ်ဘူးဖြစ်နေတယ်။ ဥပဒေ ရှိတာနဲ့လွယ်သွားတယ်။ ဒါမျိုးကို Reform လို့ပြောတယ်" ဟု ဦးအောင်စိုး ကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူး ဦးဆောင်၍ Ease of Doing Business အထောက်အကူပြုအဖွဲ့များမှ Doing Business 2020 အစီရင်ခံစာအတွက် Survey Questionnaire များဖြေကြားမည့် Contributor များနှင့််တွေ့ဆုံသည့်အစည်းအဝေးပွဲကို မတ် ၈ရက်က ရန်ကုန်မြို့ ကုန်သည် စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် အမြဲတမ်းအတွင်းဝန် ကပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာကို ကမ္ဘာ့ဘဏ်မှ တစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၉ဝရှိ ပြည်တွင်း စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းလုပ်ဆောင်ရန် အဆင်ပြေလွယ်ကူမှုကို အညွှန်းကိန်း ၁ဝခုဖြင့် တိုင်းတာ ဖော်ပြသည့် အစီရင်ခံစာဖြစ် ကြောင်း သိရသည်။

"နိုင်ငံတကာမှာတော့ ဒီအညွှန်းကိန်းကိုကြည့်ပြီးတော့ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသင့်လား မမြှုပ်နှံသင့်ဘူးလား။ ဒီ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရတာ လွယ်ကူလား။ မလွယ်ကူလားဆိုပြီး ဆုံးဖြတ်လေ့ရှိပါတယ်။ ဆိုလိုတာက ဒီအညွှန်းကိန်းပေါ်မှာ မူတည်ပြီး မြန်မာနိုင်ငံကို လာရောက်မယ့် FDI ရင်းနှီးမြှုပ်နှံမှုတွေကို ပိုင်းဖြတ်တာ ဖြစ်ပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူး ကပြောသည်။

Doing Business 2020 အစီရင်ခံစာအတွက် Survey Questionnaire များကို၂၀၁၉ခုနှစ် မေလအထိ စာရင်းကောက်ယူသွားမည်ဖြစ်ကာ ယခုနှစ် အောက်တိုဘာတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အောက် တိုဘာတွင် ထုတ်ပြန်သွားမည့် အစီရင်ခံစာသည် ၂၀၂ဝခုနှစ်အတွက် ကြိုတင်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉ဝတွင် အဆင့် ၁၇၁တွင် နှစ်နှစ်ဆက်တိုက်ရပ်တည်နေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly