အမေရိကန် ဆိုင်ဘာတိုက်ခိုက်မှုကြောင့် ဗင်နီဇွဲလားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး အမှောင်ကျသွားခဲ့ရဟုဆို

အမေရိကန် ဆိုင်ဘာတိုက်ခိုက်မှုကြောင့် ဗင်နီဇွဲလားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး အမှောင်ကျသွားခဲ့ရဟုဆို

ကရာကတ်စ်၊ မတ် ၉ ။       ။ ဗင်နီဇွဲလားနိုင်ငံမှာ လျှပ်စစ်မီးတွေ အကြီးအကျယ် ပြတ်တောက်ပြီး အမှောင်ကျသွားခြင်းက ဂူရီ ရေအားလျှပ်စစ်ဓာတ်အားပေးဆည်ကို လူမဆန်စွာ အပြင်းအထန်တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အမေရိကန်အစိုးရ နောက်ကွယ်က အဓိက ပါဝင်နေတယ်လို့ ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီး ဂေါ်ဂျီရိုဒရီဂွက်ဇ်က စွပ်စွဲပြောဆိုပါတယ်။

အမေရိကန်ရဲ့ ခုလို ဆိုင်ဘာတိုက်ခိုက်ခြင်းကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး နိုင်ငံမှာ အမှောင်ဖုံးလွှမ်းရခြင်းအတွက် သက်သေသာဓကတွေနဲ့အတူ နိုင်ငံတကာအဖွဲ့အစည်းအားလုံးကို သမ္မတ မာဒူရိုက တိုင်ကြားသွားမှာဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

ကြာသပတေးနေ့ နှောင်းပိုင်းမှာ စတင်ဖြစ်ပေါ်တဲ့ ခုလို လျှပ်စစ်မီးတွေ အကြီးအကျယ် ပြတ်တောက်မှုကြောင့် သောကြာနေ့မှာဆိုရင် လုပ်ငန်းဌာနတွေနဲ့ စာသင်ကျောင်းတွေကို အများအပြား ပိတ်လိုက်ရပါတယ်။

လျှပ်စစ်မီးတွေ ခုလို ပြတ်တောက်တာကြောင့် နိုင်ငံဟာ အကြီးအကျယ် ရပ်တန့်သွားရတယ်လို့ အတိုက်အခံ ခေါင်းဆောင် ဂွါဒိုက ပြောဆိုရင်း လာမယ့်ရက်မှာ သပိတ်မှောက်ကြဖို့ ဆော်သြလိုက်ပါတယ်။

နိုင်ငံမှာ အရှည်ကြာဆုံးနဲ့ နယ်မြေအများဆုံး ဖြစ်ပွားတဲ့ ဒီ လျှပ်စစ််မီး အကြီးအကျယ် ပြတ်တောက်မှုကြောင့် အမေရိကန်ထောက်ခံတဲ့ ဂွါဒိုနဲ့ သမ္မတ မာဒူရိုတို့ရဲ့ အာဏာလွန်ဆွဲပွဲက ပိုလို ပြင််းထန်လာခဲ့ပါတယ်။

စီးပွားရေးအကျပ်အတည်းဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် လွှတ်တော်ဥက္ကဌဖြစ်သူ ဂွါဒိုက ကိုယ်ကိုကို ကြားဖြတ်သမ္မတအဖြစ်် ကြေညာထားပြီး အနောက်အုပ််စုတွေက အသိအမှတ်ပြုထားတာကြောင့် နိုင်ငံရေးချောင်ပိတ်မိနေတဲ့ အနေအထားမှာ ရှိနေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly