ဆလုံတို့၏ လူမှုဘဝ မြှင့်တင်နိုင်ရန် တိုင်းအစိုးရက ကျပ်သိန်းတစ်ထောင် ထောက်ပံ့ရန်စီစဉ်နေ

ဆလုံတို့၏ လူမှုဘဝ မြှင့်တင်နိုင်ရန် တိုင်းအစိုးရက ကျပ်သိန်းတစ်ထောင် ထောက်ပံ့ရန်စီစဉ်နေ

မတ် ၉ ရက် ။       ။    ဆလုံလူမျိုးတို့၏ လူမှုဘဝကို မြှင့်တင်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လာမည့် ဘဏ္ဍာနှစ်တွင် ကျပ်သိန်းတစ်ထောင် ကူညီထောက်ပံ့သွားရန် စီစဉ်နေသည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်များတွင် နေထိုင်လျက်ရှိသော ဆလုံတို့၏ ပညာရေး ၊ ကျန်းမာရေးနှင့် လူနေမှုဘဝတို့ကို ကူညီနိုင်ရန် တိုင်းရံပုံငွေထဲမှ ထုတ်ပေးနိုင်ရေးအတွက် ထိုသို့ စီစဉ်နေခြင်းဟု စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

“ကျွန်တော်တို့ တိုင်းထဲမှာ ဆလုံလူမျိုးတွေက အရမ်း လျော့နည်းလာနေပါပြီး၊ သူတို့ အတွက် တစ်ခုခု ကူညီပေးနိုင်ဖို့ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ညှိုနှိုင်းပြီး ကူညီပေးသွားဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

တိုင်းရင်းသား ၁၃၅ မျိုးတွင် လူဦးရေ အနည်းဆုံးဖြစ်သော ဆလုံတို့အတွက် သီးခြားရံပုံငွေ အနေဖြင့် ဘတ်ဂျက် ခွဲဝေချထားပေးခြင်း မရှိသော်လည်း လက်ရှိတွင် ၎င်းတို့မှာ အလုပ်အကိုင်အခွင့်လမ်း နည်းပါးကာ ရရှိဖို့ ခက်ခဲလာနေခြင်း၊ လူဦးရေ တစစနည်းပါးလာခြင်းတို့ကြောင့် အရေးတကြီး ထိန်းသိမ်းနိုင်ရန် ထိုသို့ ဆောင်ရွက်ပေးလာခြင်း ဖြစ်သည်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

လူဦးရေ ထောင်ဂဏန်းခန့်သာ ကျန်ရှိတော့ပြီ ဖြစ်သော ဆလုံတို့မှာ မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်သော ငါး၊  ပုစွန် ဖမ်းဆီးခြင်းအလုပ်ကို လုပ်ကိုင်စားသောက်ကြသူများဖြစ်သည်။ ၎င်းတို့ကို ပင်လယ်ပျော် ဆလုံလူမျိုးဟု လည်း တင်စားခေါ်ဝေါ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly