ပြုပြင်ပြောင်းလဲရေး မအောင်မြင်တာကြောင့် ဖင်လန်အစိုးရအဖွဲ့ နုတ်ထွက်

ပြုပြင်ပြောင်းလဲရေး မအောင်မြင်တာကြောင့် ဖင်လန်အစိုးရအဖွဲ့ နုတ်ထွက်

ဟယ်ဆင်ကီ၊ မတ် ၈ ။               ။ လူမှုရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ပြုပြင်ပြောင်းလဲ ဖော်ဆောင်ရာမှာ မအောင်မမြင် ဖြစ်ပွားနောက်မှာ ဖင်လန်ဝန်ကြီးချုပ် ဂျူဟာစီပီလာက သူ့ရဲ့ ဗဟိုလက်ဝဲအစိုးရအဖွဲ့ နုတ်ထွက်ကြောင်း သောကြာနေ့မှာ တင်သွင်းလာတယ်လို့ သမ္မတရုံးက ကြေညာပါတယ်။

“ဝန်ကြီးချုပ် ဂျူဟာစီပီလာဟာ အစိုးရအဖွဲ့ နုတ်ထွက်ကြောင်းကို သမ္မတ ဆောလီနီနက်စတိုထံ ဒီကနေ့မှာ တင်သွင်းလာခဲ့ပါတယ်။”လို့ ဧပြီ ၁၄ ရက် လွှတ်တော်ရွေးကောက်ပွဲ မတိုင်ခင် သီတင်းငါးပတ်အလိုမှာ သမ္မတရုံးက ကြေညာလာတာပါ။

“သမ္မတက အစိုးရ နုတ်ထွက်တာကို လက်ခံပြီး အစိုးရသစ် မခန့်အပ်သေးခင်အထိ ယာယီဆက်လက်တာဝန်ယူထားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။”လို့ ယင်းကြေညာချက်မှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် စီပီလာဟာ သူ့ရဲ့ ဗဟိုပါတီ၊ ကွန်ဆာဗေးတစ် အမျိုးသားညွန့်ပေါင်းပါတီနဲ့ Blue Reform ပါတီတို့နဲ့ ညွန့်ပေါင်းဖွဲ့ပြီး ၂၀၁၅ ကစတင်လို့ အစိုးရကို ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်မလာသေးခင်က IT စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တစ်ဦးအဖြစ် ဝင်ငွေ သန်းပေါင်းများစွာ ရရှိနေတဲ့ စီးပွားရေးသမားဟောင်း စီပီလာဟာ သူ တာဝန်ယူချိန်ကစပြီး ကျန်းမာရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေကို ဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံမှာ အလျင်အမြန် ကြီးထွားနေတဲ့ သက်ကြီးရွယ်အိုဦးရေကို ပြုစုစောင့်ရှောက်ရေး ကြီးမြင့်တဲ့ စရိတ်စကတွေကို လျှော့ချနိုင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံအတွင်း အသက် ၆၅ နှစ်ကျော် လူဦးရေဟာ ၅ ဒဿမ ၄ သန်းအထိ ရှိနေပြီး ၂၀၃၀ မှာ ၂၆ ရာခိုင်နှုန်းအထိ များပြားလာမယ်လို့ ခန့်မှန်းထားပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ဆယ်စုနှစ်ချီ အခက်အခဲတွေ တင်းကြမ်းပြည့်နေပြီး အစိုးရအဆက်ဆက် ပြိုကွဲမှုတွေလည်း ကြုံတွေ့ဖြစ်ပေါ်လျက် ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly