ဒေါ်အောင်ဆန်းစုကြည်ကို မုံရွာဒေသခံတို့ တိုင်စာ ၃ဝဝ ပေး

By ခင်နှင်းဝေ
08 March 2019
ဒေါ်အောင်ဆန်းစုကြည်ကို မုံရွာဒေသခံတို့ တိုင်စာ ၃ဝဝ ပေး
စစ်ကိုင်းတိုင်းဒေသကြီးမြို့တော် မုံရွာသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားစာ ပေးလိုသူ အများအပြား ရှိသဖြင့် စာလက်ခံဌာနကို မြို့တော်ခန်းမရှေ့တွင် ယာယီ ဖွင့်လှစ်ထားသည် (ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

မုံရွာမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒေသခံတို့နှင့် တွေ့ဆုံရာ အခက်အခဲများကို တင်ပြသည့်စာ ရာနှင့်ချီ ရရှိကြောင်း တိုင်ကြားစာလက်ခံဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမျိုးသိန်းက ပြောသည်။

"အတိအကျတော့ ပြောလို့ မရသေးပါဘူး။ တိုင်စာ ၃၀၀ ဝန်းကျင် ရရှိပါတယ်။ ဒီတိုင်စာတွေကို အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ယူသွားမှာပါ”ဟု လက်ထောက်ညွှန်မှူးက ဆိုသည်။

ဒေသတွင်း ပဋိပက္ခများထဲတွင် မြန်မာပြည်အနှံ့ တွေ့ရသော လယ်ယာမြေ အငြင်းပွားမှု ပြဿနာ အကြောင်းလည်း ပါဝင်ရာ ထိုအကြောင်း တိုင်ကြားသူတစ်ဦးမှာ  အုန်းတောရွာမှ ဦးကျော်စိုး ဖြစ်သည်။

"ကျွန်တော်တိုင်ကြားတဲ့အကြောင်းအရာကတော့ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေ ဧက ၄ဝဝ ကျော်ကို နစ်နာကြေးရရှိဖို့ အမေစု သိအောင် တိုင်ကြားတာပါ” ဟု   ဦးကျော်စိုးက ပြောသည်။

အောင်ချမ်းသာရပ်ကွက်မှ မသီတာ၏ နစ်နာမှုကလည်း ယခင် အာဏာပိုင် အဆက်ဆက် မြေသိမ်းမှုနှင့် ဆက်စပ်နေသည်။

"သိမ်းဆည်းခံမြေတွေနဲ့ပတ်သက်လို့ မုံရွာမြို့မှာ ဖြေရှင်းမှုတွေ ကြန့်ကြာနေတယ်၊  ကျွန်မ အပါအဝင် ဘယ်သူမှ မရသေးပါဘူး။ ဒီအတွက် တိုင်စာရေးပြီး အကူအညီ တောင်းတာပါ” ဟု  မသီတာက ဆိုသည်။

အဆိုပါတိုင်ကြားစာများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖတ်ရှုခွင့်ရပါက မုံရွာဒေသခံတို့ များစွာ အကျိုးရှိမည်ဟု မျှော်လင့်ထားကြောင်း မုံကျေးရွာမှ ကိုဝင်းအောင်က ပြောသည်။ ကိုဝင်းအောင်ကလည်း ၎င်းတွင် နစ်နာမှု ရှိနေသည်ဟု ဆိုသည်။

"ကျွန်တော်တိုင်ကြားတာက မုံရွာကားကြီးဝန်း သိမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အထူးစစ်က စုံစမ်းစစ်ဆေးတဲ့ အချက်အလက်တွေကို တင်ပြမှု မရှိလို့ မကျေနပ်တဲ့အတွက် တိုင်ကြားတာပါ။  ဒီတိုင်စာနဲ့ ပတ်သက်ပြီး အမေစုသိရင် မှန်မှန်ကန်ကန် ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

လူထုတွေ့ဆုံပွဲ ပြုလုပ်ရာ မုံရွာမြို့တော်ခန်းမရှေ့သို့ ရောက်လာသော ဒေသခံတချို့က   စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဝန်ကြီးချုပ်တို့ကို "ဆုံးမပေးပါ" ဟူသော  ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။

ယခင်လက ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းဒေသကြီးသို့ ရောက်ရှိစဉ်  တိုင်းအစိုးရကို ဆုံးမမည်ဟု ဒေသခံတို့ကို ပြောကြားခဲ့ဖူးသည်။

နာဂဒေသခရီး

စစ်ကိုင်းတိုင်း ဒေသကြီးမြို့တော်မုံရွာသို့ မရောက်မီက ဒေါ်အောင်ဆန်းစုကြည်သည် ခန္တီး၊ လဟယ်၊ ဟုမ္မလင်း ထမံသီမြို့များသို့လည်း သွားရောက်ပြီး နာဂတိုင်းရင်းသားများအပါအဝင် ဒေသခံတို့နှင့် တွေ့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ခန္တီးဒေသခံတို့ တင်ပြသည့်အချက်များထဲတွင် သိမ်းဆည်းမြေနှင့် နောက်ဆက်တွဲ ပြဿနာ၊  နာဂရိုးရာထုံးတမ်း အစဉ်အလာများ မြှင့်တင်ရာတွင် အစိုးရက ကူညီပေးရေး၊ ဝန်ထမ်းခန့်အပ်ရာတွင် ဒေသခံကို ဦးစားပေးရေး၊  တိုင်းရင်းသား ဘာသာစာအုပ်များ ထောက်ပံ့ပေးရေး၊ တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ၊ ဆရာမများ သင်တန်းတက်ခွင့်၊   ကျောက်စိမ်းတူးခွင့်ရ ကုမ္ပဏီများ  လုပ်ငန်း ခွင့်ပြုကာလဆိုင်ရာ ဆိုင်းဘုတ် အများမြင်သာစေရန် စိုက်ထူရေး စသည့် အကြောင်းအရာများ ပါဝင်သည်။ 

 

08_mar_khw_suu_in_monywa_unicode_2.jpg

(ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

(ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

ဟုမ္မလင်းဒေသခံတို့ကလည်း  လယ်ယာမြေပျက်စီးစေသည့်  ရွှေတူးဖော်ရေး လုပ်ငန်းများမှ  ပြဒါးသုံးစွဲမှု၊ ယန္တယားကြီးများ သုံးစွဲနေမှုတို့ကို စိစစ်ရန်၊ သိမ်းဆည်းမြေ ပြန်ရရေး ဆောင်ရွက်ပေးရန်  ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုကြသည်။

ဟုမ္မလင်းရောက် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုများထဲတွင်  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို  လွှတ်တော်က ဆောင်ရွက်နေသည် ဟူသော အချက် ပါဝင်သည်။

ရဲတပ်ဖွဲ့သို့ ဝင်ရေး

ထမံသီမြို့သို့ ရောက်ရှိပြီး ဒေသခံတချို့နှင့်တွေ့ဆုံစဉ်  ဒေါ်အောင်ဆန်းစုကြည်က ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရေးအတွက် စဉ်းစားကြရန်လည်း တိုက်တွန်းလိုက်သည်။

ဤကဲ့သို့ တိုက်တွန်းမှုသည် ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည်။

"သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့  ပြည့်စုံတဲ့၊ အမျိုးသမီးလေးတွေ၊ အမျိုးသားလေးတွေ ရဲထဲဝင်ကြပါလို့ တိုက်တွန်းချင်တယ်။ ရဲထဲမှာ ဝင်ပြီးတော့ အလုပ်လုပ်တယ် ဆိုတာ နိုင်ငံရဲ့တည်ငြိမ်ရေးအတွက် လုပ်တာပဲ။ နိုင်ငံအေးချမ်းရေးအတွက် လုပ်တာပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က လူငယ်အများအပြား ပါဝင်သော ဒေသခံတို့ကို ပြောသည်။

နိုင်ငံတွင် ရဲဝန်ထမ်းကောင်း အများအပြား လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly