အန္တရာယ်ခရီးကို ဖြတ်ပြီး နေ့စဉ် စာသင်ကျောင်းဆီ သွားနေရတဲ့ ဗင်နီဇွဲလား ကလေးငယ်များ

အန္တရာယ်ခရီးကို ဖြတ်ပြီး နေ့စဉ် စာသင်ကျောင်းဆီ သွားနေရတဲ့ ဗင်နီဇွဲလား ကလေးငယ်များ

ကရာကတ်စ်၊ မတ် ၈ ။       ။ ဗင်နီဇွဲလားနိုင်ငံက ကလေးငယ် ရာပေါင်းများစွာဟာ နေ့စဉ်နဲ့အမျှ နယ်စပ်ကို ဖြတ်ကျော်ပြီး ကိုလံဘီယာနိုင်ငံထဲက စာသင်ကျောင်းတွေဆီ နေ့တိုင်းလို သွားရောက် စာသင်ကြားနေရပါတယ်။

ဒါပေမယ့် နယ်စပ်တံတားတွေကို ပိတ်ထားတာကြောင့် ကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ စာသင်ကျောင်းတွေဆီ ရောက်အောင် တရားမဝင် လမ်းကြောင်းတွေကနေ သွားရောက်နေရတာကတော့ အန္တရာယ်များလှပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် လွှတ်တော်ဥက္ကဌ ဂွါဒိုက ကိုယ်ကိုကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားပြီး အနောက်နိုင်ငံတွေက အသိအမှတ်ပြုမှုနဲ့အတူ သမ္မတ မာဒူရိုအစိုးရကို နိုင်ငံရေးစိန်ခေါ်လျက် ရှိနေပါတယ်။

စီးပွားရေး ဆိုးဝါးနေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဒီလို နိုင်ငံရေးချောင်ပိတ်မိနေတဲ့ အခြေအနေကို အနောက်နိုင်ငံတွေက ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ တိုက်တွန်းပေမယ့် မနှစ်ကမှ ဒုတိယမြောက်သက်တမ်းအတွက် ထပ်မံရွေးကောက်ခံထားရတဲ့ မာဒူရိုက ငြင်းဆန်ထားပါတယ်။

စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေတဲ့ နိုင်ငံအတွက် အမေရိကန်ဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ကိုလံဘီယာနယ်စပ်အထိ ပေးပို့ထားတာဖြစ်ပြီး ဗင်နီဇွဲလားစစ်တပ်ရဲ့ တားဆီးမှုကြောင့် အကူအညီတွေ နယ်စပ်မှာ စုပုံနေတာလည်း ဖြစ်ပါတယ်။

ဒီလို နယ်စပ်မှာ ထိပ်တိုက်တွေ့မှုတွေ ရှိနေပြီး နယ်စပ်တံခါးပေါက်တွေကို ပိတ်ထားတာလည်း ဖြစ်ပါတယ်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကတော့ ဒီအကူအညီတွေဟာ အမေရိကန်ရဲ့ ကျူးကျော်မှု ခြေလှမ်းအစပဲ ဆိုပြီး ငြင်းဆန်ထားတာ ဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly