ဧရာဝတီဘဏ်မှ ချေးယူထားသည့် YBS ယာဉ်လိုင်းကုမ္ပဏီသုံးခုကိစ္စ တိုင်းအစိုးရ ကြားဝင်ရန် တင်ပြသွားမည်

ဧရာဝတီဘဏ်မှ ချေးယူထားသည့် YBS ယာဉ်လိုင်းကုမ္ပဏီသုံးခုကိစ္စ တိုင်းအစိုးရ ကြားဝင်ရန် တင်ပြသွားမည်

ရန်ကုန် ၊ မတ် ၈ ။           ။ ဘတ်စ်ကားအသစ် အစီးရေ ၅၀၀ ဝယ်ယူရန် ဧရာဝတီဘဏ်မှ ကျပ်ငွေ ၅၀ ဘီလီယံကျော် ချေးယူပြီးနောက် ဘဏ်ချေးငွေအား ပြန်လည်ပေးဆပ်ခြင်းမရှိသည့် ယာဉ်လိုင်းကုမ္ပဏီသုံးခုကိစ္စအား ကြားဝင်ဖြေရှင်းပေးရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

 “ရှေ့အပတ်ကျရင် အစိုးရကို တင်ပြမယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့လည်း ပြေလည်အောင် ဝင်ရောက်ဆောင်ရွက်သင့်တယ်။ ဒါကအများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်စပ်နေတာလေ။ ဘဏ်ကလည်း သူ့ငွေကို အဆုံးရှုံး မခံနိုင်ဘူးလေ” ဟု ဦးကျော်ဇေယျက ဆိုသည်။

 ဧရာဝတီဘဏ်မှ ကျပ်ငွေ ၅၆ ဘီလီယံကျော် ချေးယူထားသည့် ယာဉ်လိုင်းကုမ္ပဏီ သုံးခုအနက် ဦးနေဝင်း၏ မြေးဖြစ်သူ ဦးကျော်နေဝင်း ဦးဆောင်လုပ်ကိုင်နေသည့် Omni Focus ကုမ္ပဏီလည်း ပါဝင်နေသည်။ Omni Focus ကုမ္ပဏီမှ ဘတ်စ်ကား အစီးရေ ၂၀၀ ၊ Central Yangon Network ကုမ္ပဏီ မှ အစီးရေ ၂၀၀ ၊ Keen Support ကုမ္ပဏီ မှ အစီးရေ ၁၀၀ ဝယ်ယူရန် ဘဏ်ချေးငွေ ကျပ် ၅၆ ဘီလီယံကို ချေးယူခဲ့ခြင်းဖြစ်သည်။

 ယင်းသို့ ချေးယူခဲ့ပြီးနောက် ပြန်လည်ပေးဆပ်ခြင်းမရှိသည့်အတွက် ဧရာဝတီဘဏ်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အား လိပ်မူပြီး တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့သေးသည်။

 ယမန်နေ့ မတ်လ ၇ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး ၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ မှ ဧရာဝတီဘဏ် တာဝန်ရှိသူများ နှင့် Omni Focus တာဝန်ရှိသူ ဦးကျော်နေဝင်း တို့အား သီးခြားစီ ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ပြီးနောက် ဦးကျော်ဇေယျမှ အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါကော်မတီ၌ ဦးကျော်ဇေယျသည် အတွင်းရေးမှူး တာဝန်ယူထားသူ ဖြစ်သည်။

 အဆိုပါကုမ္ပဏီများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အာမခံချက်ဖြင့် ငွေချေးပေးခဲ့ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ အဆင်မပြေပါက နောက်ဆုံးအနေဖြင့် တရားစွဲဆိုမှုသာပြုလုပ်ရန် ကျန်တော့မည်ဖြစ်ကြောင်း ကော်မတီနှင့် တွေ့ဆုံရာတွင် ဧရာဝတီဘဏ်ဘက်မှ ပြောဆိုခဲ့သည်ဟုလည်း ဦးကျော်ဇေယျက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီဘဏ်က မတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် ဘဏ်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အများပြည်သူများ သွားလာမှု ပိုမို၊ ချောမွေ့ လွယ်ကူစေရေး အတွက် ရည်သန်၍ ဆောင်ရွက်သည့် YBS စီမံကိန်းအား အထောက်အကူပြုစေရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးငွေ ထုတ်ပေးခဲ့ပါကြောင်း ဖော်ပြထားသည်။

သို့သော် ယခုအခါ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီများအားလည်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တွေ့ဆုံ ညှိနှိုင်း တောင်းခံခြင်း၊ ဘဏ်မှ တရားဝင် ချေးငွေတောင်းခံလွှာ ပေးပို့ခြင်း (Bank Notice) နှင့် ဘဏ်ရှေ့နေမှ တရားဝင် ချေးငွေတောင်းခံလွှာ ပေးပို့ခြင်း (Legal Notice) စသည်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာာဏာပိုင် အဖွဲ့၊ Yangon Region Transport Authority (YRTA) အဖွဲ့အား အကြောင်းကြား အကူအညီ တောင်းခံပြီး ယခုအခါ ဘဏ်အနေနှင့် တရားစွဲဆိုရန် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လက်ရှိ ဧရာဝတီဘဏ်၏ ဘဏ္ဍာရေး အခြေအနေများအရ ယခုချေးငွေမှာ စုစုပေါင်း ပိုင်ဆိုင်မှု (Total Assets) ၏ ၁% ခန့်သာ ရှိပြီး မတည်ရင်းနှီးငွေမှာလည်း အဆိုပါ ချေးငွေထက် အဆပေါင်းမြောက်မြားစွာ ရှိသည့်အတွက် အများပြည်သူများ စိတ်ချယုံကြည်စွာဖြင့် ဘဏ်လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အများပြည်သူသို့ အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly