သန်မာလျင်မြန်မှုကို သက်သေပြမည့် အန်တိုနီယာ

သန်မာလျင်မြန်မှုကို သက်သေပြမည့် အန်တိုနီယာ

မြန်မာ့ကိုယ်ခံပညာအားကစားပရိသတ်၏ အားပေးမှုကို အပြည့်အဝရရှိထားသည့် အန်တိုနီယာသည် လာမည့်မတ်လ ၈ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် ၎င်း၏ သန်မာမှုနှင့် လျင်မြန်မှုကို သက်သေပြမည်ဟု အခိုင်အမာ ဆိုသည်။

အန်တိုနီယာသည် ONE: REIGN OF VALOR  ပြိုင်ပွဲကြီး၏ ကြိုးဝိုင်းအတွင်း မလေးရှားကစားသမား Audreylaura Boniface နှင့် ရင်ဆိုင်ထိုးသတ်ရမည်ဖြစ်သည်။

''ပြိုင်ဘက်ကဘက်စုံကစားတတ်တယ်။ လျင်မြန်တယ်။ ဒါပေမယ့် ဒီအချက်တွေအပေါ် စိုးရိမ်စရာမရှိ ပါဘူး။ကျွန်မကသူ့ထက် ကြံ့ခိုင်တယ်လို့ ယုံကြည် တယ်။ လျင်မြန်မှု နဲ့ သန်မာမှုအကြောင်း သက်သေပြမယ်''ဟု၎င်းက ဆိုသည်။

ONE: REIGN OF VALOR ပြိုင်ပွဲအကြို ပြုလုပ်သည့် ပြိုင်ပွဲဝင်ကစားသမားများနှင့် မီဒီယာသမားများတွေ့ဆုံပွဲ အခမ်းအနားတွင် အန်တိုနီယာက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်မအတွက် ဒီပွဲက အရမ်း အရေးကြီးပါတယ်။ ဒီပွဲထပ်ရှုံးလို့မဖြစ်ပါဘူး။ နှစ်ပွဲ ဆက်ရှုံးတာမျိုး ပရိသတ်က လိုချင်မှာမဟုတ်ဘူး''ဟု၎င်းက ဆိုသည်။

''တစ်ပွဲထက် ပိုတဲ့ အရှုံးရလဒ်ကိုကျွန်မရဲ့ ကိုယ်ခံပညာကစားသမား မှတ်တမ်းမှာ မရှိစေချင်ဘူး''ဟု အန်တိုနီယာက ထပ်လောင်းပြောကြားခဲ့သည်။

အန်တိုနီယာသည် လာမည့်ပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် Bali MMA အားကစားရုံ တွင် သုံးလကြာသွားရောက်နေထိုင်ပြီး မွေထိုင်းချန်ပီယံ၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံများနှင့် ပူးတွဲလေ့ကျင့်ခဲ့သည်။

၎င်း၏ပြင်ဆင်မှုအပေါ် ကျေနပ်အားရမှု အပြည့်ရှိနေပြီး ပြိုင်ဘက်ကို ဒုတိယအချီတွင် အလဲထိုးမည်ဟု ကြုံးဝါးခဲ့သည်။

''ဘန်ကောက်ပွဲတုန်းက အတွေ့အကြုံနည်း လို့ ရှုံးသွားခဲ့ရတာပါ။ ဒီပွဲကိုတော့အများကြီး အချိန်ယူပြင်ဆင်ထားတယ်။အရင်ပွဲလို မဖြစ်အောင်အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်။ နှစ်ချီအတွင်းအလဲထိုးမှာပါ'' ဟု ၎င်းက ဆိုသည်။

အန်တိုနီယာသည် အဆိုပါပွဲစဉ်တွင် မတ်ရပ်ထိုးသတ်မှု နှင့် မြေပြင်ချုပ်ကွက်များကိုပေါင်းစပ်အသုံးပြုသွားမည်ဖြစ်ပြီး ချုပ်ကွက်ဖြင့် နိုင်ပွဲရယူနိုင်ရန် မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly