သင်္ကြန်ကာလ နေရပ်ပြန်မည့် ထိုင်းရောက်မြန်မာများ (Re-entry) တုံး ကင်းလွတ်ခွင့်ရ

By မျိုးချစ်သွေး (မြေလတ်)
08 March 2019
သင်္ကြန်ကာလ နေရပ်ပြန်မည့် ထိုင်းရောက်မြန်မာများ (Re-entry) တုံး ကင်းလွတ်ခွင့်ရ

ဘန်ကောက် ၊ မတ်လ ၈ ။        ။       ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် သင်္ကြန်ကာလတွင်း နေရပ်ပြန်ပါကRe-entry ခေါ် တံဆိပ်တုံး ထုစရာမလိုဘဲ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြစိုက် မြန်မာသံရုံးမှ သိရသည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးချက်အရ Re-entry တံဆိပ်တုံးထုစရာမလိုဘဲ ကင်းလွတ်ခွင့်မှာ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ဖြစ်ပြီး မြန်မာအလုပ်သမားများ နေရပ်သို့ ပြန်ပါက သတ်မှတ် စာရွက်စာတမ်း အပြည့်အစုံဖြင့် မိမိတို့ နေရပ်ဒေသများကို ပြန်နိုင်ကြောင်း ထိုင်းနိုင်ငံသံရုံးမှ သတင်းထုတ်ပြန်ထားသည်ဟု မဲဆောက်မြို့တာဝန်ခံ သံအရာရှိ ဦးအောင်မင်းက အတည်ပြုပြောသည်။

သင်္ကြန်ကာလမဟုတ်ဘဲ ပုံမှန်ကာလများတွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားဂိတ် အစရှိသည့် နယ်စပ်ဂိတ်ပေါက်များတွင် မြန်မာအလုပ်သမားများအနေဖြင့် ဘတ် ၁၂၀၀ မှ ၁၅၀၀ အထိ တံဆိပ်တုံး( Re-entry) ထုခ ပေးဆောင်ရပြီး လေဆိပ်များတွင် ဘတ် ၁၂၀၀ အထိ ပေးဆောင်ရလေ့ ရှိသည်။

"အခုလို ကင်းလွတ်ခွင့် ထုတ်ပြန်ကြေညာပေးလိုက်တဲ့အပေါ် ကြိုဆိုပါတယ်။ ကင်းလွတ်ခွင့်ပြုလိုက်တော့ မြန်မာငွေနဲ့ဆို ၅၀၀၀၀ ဝန်းကျင်လောက် အကုန်အကျ သက်သာသွားတယ်" ဟု  သင်္ကြန်တွင်း နေရပ်ပြန်မည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

မြန်မာအများစုက အိမ်အပြန်တုံး (သို့မဟုတ်) တုံးကြီးဟု ခေါ်လေ့ရှိကြပြီး နေရပ်ပြန်သူများ ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက Re entry မဖြစ်မနေ ထုရကာ ဘတ် ၁၀၀၀ ခန့် ကျသင့်သည်။

ထိုင်းနိုင်ငံ မြန်မာသံရုံးမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာချက်ထုတ်ခဲ့ပြီး နေရပ်ပြန်လိုသော မြန်မာအလုပ်သမားများ အခက်အခဲမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များအား အသေးစိတ် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားဦးရေသည် ရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေသူများ၏ ပြောဆိုချက်အရ ၄ သန်း ဝန်းကျင် ရှိပြီး တရားဝင် MOU / CI စနစ်များအပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် ရောက်ရှိလုပ်ကိုင်နေကြခြင်း ဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly