ဒေါ်အောင်ဆန်းစုကြည်ထံသို့ နယ်သာလန်သံအမတ်ကြီး အိတ်ဖွင့်ပေးစာ ပေးပို့ 

ဒေါ်အောင်ဆန်းစုကြည်ထံသို့ နယ်သာလန်သံအမတ်ကြီး အိတ်ဖွင့်ပေးစာ ပေးပို့ 
Photo: EPA

မတ်လ ၇ ။       ။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အမျိုးသမီးများ၏ အသံကို ချန်လှပ်ထား၍ မရကြောင်း နယ်သာလန်သံအမတ်ကြီးက  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

မတ်လ ၈ ရက်နေ့မှာ ကျရောက်သည့် အမျိုးသမီးများနေ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နယ်သာလန်သံအမတ် Mr. Wouter Jurgens က မတ်လ ၇ ရက်က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

အိတ်ဖွင့်ပေးစာတွင် " ဒီကနေ့မှာ ကျွန်တော်တို့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ကို ကျင်းပပါတယ်။ ကျွန်တော်တို့ လူ့အသိုင်းအဝန်း၊ မြန်မာနိုင်ငံ၊ နယ်သာလန်နိုင်ငံနဲ့ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးများရဲ့ အဓိကအခန်းကဏ္ဍအဖြစ် ကျင်းပကြတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

အမျိုးသမီးများအတွက် သာတူညီမျှအခွင့်အရေး၊ အမျိုးသမီးများအတွက် တန်းတူရည်တူအခွင့်အရေးနဲ့ ကမ္ဘာ့ဘယ်နေရာမဆိုက အမျိုးသမီးများဟာ လူ့အသိုင်းအဝန်းရဲ့ ကဏ္ဍစုံမှာ ဝင်ဆံ့နိုင်ရေးတို့ကို ရည်သန်ပါတယ်။ နယ်သာလန်နိုင်ငံဟာ #SheDecides လုပ်ငန်းစဉ်နဲ့အတူ အမျိုးသမီးများနဲ့ မိန်းကလေးများအတွက် လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားခြင်းဆိုင်ရာ အခွင့်အရေးတွေ အားပေးမြှင့်တင်ရန် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေပါတယ်" ဟု ဖော်ပြထားသည်။ 

ဆက်လက်ပြီး " တော်တော်များများ ထဲထဲဝင်ဝင်ဆောင်ရွက်ထားပြီဖြစ်ပေမယ့် စိန်ခေါ်မှုတွေ များစွာလည်း ကျန်ရှိနေသေးဆဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၂၀၁၉ ကမ္ဘာ့အမျိုးသမီးများနေ့ အဓိကအာဘော်အဖြစ် #BalanceforBetter ပိုမိုကောင်းမွန်မှုအတွက် ဟန်ချက်ညီမှုဆိုတာကို ရည်ရွယ်ထားပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဟန်ချက်ညီမှုဟာ လိုအပ်ရုံတင်မဟုတ်ပါ၊ ဒီရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အားလုံး အကျိုးစီးပွားအတွက် သာတူညီတူ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဟန်ချက်ညီတဲ့ကမ္ဘာဟာ ပိုပြီး ကောင်းမွန်တဲ့ ကမ္ဘာ့တစ်ခုပါပဲ" ဟု ပါရှိသည်။

ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်ပြီး" မြန်မာနိုင်ငံက အမျိုးသမီးများ၊ အမျိုးသားများအပါအဝင် ပြည်သူအများစုဟာ သူတို့ရဲ့ အိမ်နံရံတွေမှာ ခင်ဗျားရဲ့ ဓာတ်ပုံကို ချိတ်ဆွဲပြီး တလေးတစား ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဆောင်ကြဉ်းပေးနိုင်မယ် မျှော်လင့်ချက်နဲ့ ခင်ဗျားကို ရှုမြင်ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ငြိမ်းချမ်းရေး လိုအပ်တယ်လို့ ခင်ဗျားက ဆိုပါတယ်။ ပဋိပက္ခဖြစ်စေရတဲ့အကြောင်းဟာ အမျိုးသမီးများ မဟုတ်ပေမယ့် ဖြေရှင်းရာမှာတော့ တစ်ကဏ္ဍအနေနဲ့ ပါဝင်သင့်ပါတယ်။ အမျိုးသမီးများကို ထည့်သွင်းခြင်း၊ ပါဝင်စေခြင်း မရှိဘဲနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါ။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ သူတို့ ဘာတွေ လိုအပ်သလဲဆိုတာ၊ ငြိမ်းချမ်းရေးကို ဘယ်လိုပုံဖော်ချင်သလဲဆိုတာတွေကို ဖော်ပြနိုင်ခွင့် အမျိုးသမီးတွေကို ပေးအပ်ရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အသံကို ချန်လှပ်ထားလို့ မရနိုင်ပါ။ အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးပြဿနာကိစ္စရပ်နဲ့ လိင်တန်းတူရည်မျှမှုတွေတင်မက ဘယ်လိုအကြောင်းအရာကိစ္စရပ်မျိုးမှာမဆို အမျိုးသမီးတွေရဲ့ အသံ ပါဝင်နေရမှာ ဖြစ်ပါတယ်။ လိင်နဲ့ အမျိုးသမီးများရဲ့ အရေးအရာတွေ အပါအဝင် အားလုံးသော အကြောင်းချင်းရာ ကိစ္စရပ်တွေမှာ အမျိုးသားတွေရဲ့ အသံကို နားထောင်ရသလောက် အမျိုးသမီးတွေရဲ့ အသံကိုလည်း နားထောင်ကြသင့်တာ ဖြစ်ပါတယ်" ဟု တိုက်တွန်းထားသည်။

" ခင်ဗျားဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခဲ့သူပါ။ ခင်ဗျားဟာ မြန်မာနိုင်ငံက အများအပြားသော အမျိုးသမီးထုရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ခင်ဗျား တာဝန်ယူထားတာဟာ မတူကွဲပြားမှုများ ပေါင်းစည်းခြင်းမှာ အခြေခံတဲ့ မြန်မာနိုင်ငံအတွက် နမူနာတစ်ရပ်အဖြစ် ရှိနေပါတယ်။ တကယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ #BalanceforBetter ကို ကျွန်တော်တို့ လိုလိုလားလား ရှိခဲ့ရင် အမျိုးသမီးတွေ ပါဝင်ရမယ့် အချိုးအစားကို ပြောမနေဘဲ အမျိုးသမီးတွေရဲ့ အသံကို ပိုပြီး ကြားစေရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် လမ်းကြောင်းပေးပါ၊ စားပွဲဝိုင်းမှာ နေရာပေးပါ။ မြန်မာတစ်နိုင်ငံလုံး အကျိုးအမြတ် ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။" ဟု Mr.Wouter Jurgens( Ambassador of the Kingdom of the Netherlands in Myanmar) က ပေးစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly