အမိမြေတွင် ယှဉ်ပြိုင်ခွင့် လက်မလွတ်စေရန် လေ့ကျင့်မှုကို အာရုံစိုက်ထားသည့် ပုညစိုင်း

အမိမြေတွင် ယှဉ်ပြိုင်ခွင့် လက်မလွတ်စေရန် လေ့ကျင့်မှုကို အာရုံစိုက်ထားသည့် ပုညစိုင်း

မွန်တိုင်းရင်းသား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ပုညစိုင်းသည် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ထိုးသတ်ရန် အဆင့်သင့် အနေအထား ဖြစ်ရန် အမြဲအသင့်ပြင်ဆင်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၁၉နှစ်အရွယ်ရှိ မွန်တိုင်းရင်းသား ပုညစိုင်းသည် ၎င်း၏ အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် နယူးဇီလန်မှ ဘာလီသို့ တစ်ဦးတည်းထွက်လာခဲ့ပြီးနောက်  ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာအဖွဲ့အစည်းကြီးဖြစ်သည့် ONE Championship တွင် ပါဝင်ခွင့် ရရှိခဲ့သည်။

“ကျွန်တော်ရဲ့ ရည်မှန်းချက်က အကောင်းဆုံးလေ့ကျင့်ပြီး ရှေ့ဆက်တက်ဖို့ပဲ။ ကျွန်တော်ဟာ ဘယ်တော့မှ နောက်ကို ပြန်လှည့်ကြည့်နေမှာ မဟုတ်ဘူး။ ကျွန်တော်အနေနဲ့ ONE Championship မှာ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာတဲ့ အထိ ကြိုးစားအားထုတ်သွားမှာပါ” ဟု ပုညစိုင်းကဆိုသည်။

ပုညစိုင်းသည် ONE Warriors Series အတွက် စာချုပ်ချုပ်ဆိုပြီးနောက် ပွဲစဉ် ၂ပွဲ ယှဉ်ပြိုင်ခဲ့ရာ ၂ပွဲလုံးတွင် ပြိုင်ဘက်ကို ပထမအချီ၌ပင် အနိုင်ရရှိခဲ့သည်။ ၂၀၁၈ခုနှစ်သည် ၎င်းအတွက် အောင်မြင်မှု အချို့ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ပို၍ကောင်းမွန်သော အောင်မြင်မှုများ ရရှိဦးမည်ဟု ပုညစိုင်းက ယုံကြည်ထားသည်။

ပုညစိုင်းသည် နယူးဇီလန်နိုင်ငံ၊ Auckland ဒေသရှိ ဆင်ခြေဖုံး မြို့လေးတစ်မြို့တွင် ကြီးပြင်းခဲ့ရသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကိုယ်ခံပညာရပ်များကို လေ့လာလိုက်စားခဲ့သူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်းသည် မွေးရပ်မြေဆိုသည့် အကြောင်းအရာထက်ပိုသည်ဟု ပြောကြားခဲ့ဖူးသည်။

“ONE Championship ဘက်က ကျွန်တော်ရဲ့ ယှဉ်ပြိုင်ဖို့ ဘယ်တော့ ရွေးချယ်ခဲ့ရမယ်ဆိုတာ ကျွန်တော် မသိသေးပါဘူး။ သူတို့ဘက်က ရွေးချယ်လာမယ့် အချိန်ကို ကျွန်တော့် ဘက်က အဆင်သင့်ပြင်ပြီး စောင့်ဆိုင်းနေပါတယ်။ မကြာမီအချိန်အတွင်းမှာ မွေးရပ်မြေကို ပြန်လာပြီး ယှဉ်ပြိုင်ရတော့မယ်လို့တော့ ကျွန်တော်ထင်မိပါတယ်” ဟု ပုညစိုင်းက ပြောကြားသည်။

အသက်၁၉ နှစ်အရွယ်ရှိ ပုညစိုင်းက မိမိအနေဖြင့် မွေးရပ်မြေတွင် ယှဉ်ပြိုင်နိုင်ရန်အတွက် လေ့ကျင့်မှုများကို အဆက်မပြတ် အကောင်းဆုံးပြုလုပ်နေပြီး ရောက်ရှိလာမည့် အခွင့်အရေးကို လက်မလွတ်ရန် စောင့်ဆိုင်းနေသည်ဟု ပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly