“အမေစု အလိမ်ခံနေရတယ်”ဟု ဆိုကာ ဟုမ္မလင်းမြို့ဒေသခံအချို့ ဆန္ဒထုတ်ဖော်

“အမေစု အလိမ်ခံနေရတယ်”ဟု ဆိုကာ ဟုမ္မလင်းမြို့ဒေသခံအချို့ ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - အတိုင်ပင်ခံရုံး

မုံရွာ၊ မတ်လ ၇ ရက် ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲ၌ ဝင်ခွင့်ကဒ် မရ၍ တွေ့ဆုံခွင့်မရခဲ့သည့် ဟုမ္မလင်းဒေသခံအချို့က မတ်လ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ဆုံတင်ပြခွင့်ရရှိရေး၊ တန်းတူညီမျှအခွင့်အရေး ဆုံးရှုံးခြင်း၊ ပြည်သူ့ဆန္ဒ လျစ်လျူရှုခံနေရသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများဘက်မှ ပြောသည်။

"ဟုမ္မလင်းမြို့က ဒေသခံတချို့နဲ့ မြို့အနီးရှိ ​ညောင်​ပင်​သာရွာ၊​ ရေလဲရွာ၊ နားနုံးရွာ၊ နားသဲရွာ၊မှန်​၊ပင်​ရွာ၊ ​ခေါင်​းခမ်​းရွာက ဒေသခံဟာ တွေ့ဆုံပွဲ ဝင်ခွင့်ကဒ်ပြား တစ်ဦးမှ မရရှိခဲ့ဘူး" ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။ 

အဆိုပါ တွေ့ဆုံခွင့်၊ ဝင်ခွင့်ကဒ်ပြားကို ဟုမ္မလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဌာနမှ စီစဉ်ပေးခြင်း ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၃)ခုနှင့် ကတ်သာ ကျေးရွာမှ လူဦးရေ ၄၀၀၊ အခြားကျေးရွာများမှ လူဦးရေ ၁၀၀ စုစုပေါင်း ၅၀၀ ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများဘက်မှ ဆိုသည်။ 

ဝင်ခွင့်ကဒ်ပြားထုတ်ပေးခြင်းနှင့် ပတ်သက်ပြီး ပက်သက်ပြီး ဟုမ္မလင်းမြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးမှူးကို မဇ္ဈိမသတင်းဌာနမှ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။

မတ်လ ၆ ရက်နေ့ ခန္တီးမြို့ ခရီးစဉ်တွင်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ပွဲကို ပြင်ပမှာ ပရိုဂျက်တာဖြင့် ပြသမည်ဟု ကြေညာထားသော်လည်း မပြသခဲ့သည့်အတွက်  နန်စီပွန်ဒေသခံများနှင့် ခန္တီးဒေသခံအချို့ ပြန်ခဲ့ရကြောင်း ခန္တီးဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့၊ဟုမ္မလင်းမြို့နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို မတ်လ ၆ ရက်က  အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့ပြီး ဒေသခံများဖြင့် လူထုတွေ့ဆုံပွဲပြုလုပ်ကာ ဒေသခံများ၏ တိုင်ကြားစာများကို သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။

မတ်လ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည် ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ် ၊ တနင်္သာရီတိုင်းတို့ကိုလည်း သွားရောက်ကာ လူထုနှင့်တွေ့ဆုံခဲ့သည်။ 

ဖေဖော်ဝါရီ ၁၃ ရက်နေ့က  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် မြိတ်မြို့သို့ရောက်ရှိလာစဉ် ဒေသခံများက ဝန်ကြီးချုပ် အပါဝင် ဝန်ကြီးအချို့နှင့် တိုင်း NLD ဥက္ကဋ္ဌတို့အား နုတ်ထွက်ပေးရေး ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly