ယာဉ်မောင်းကြေး တိုးမြှင့်ပေးရန် YBS ယာဉ်မောင်းအချို့ ဆန္ဒပြနေသည်မှာ မဟုတ်မှန်ဟုဆို

ယာဉ်မောင်းကြေး တိုးမြှင့်ပေးရန် YBS ယာဉ်မောင်းအချို့ ဆန္ဒပြနေသည်မှာ မဟုတ်မှန်ဟုဆို
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မတ်လ ၆ ။                 ။ မောင်းကြေးတိုးမြှင့်ပေးရန်အတွက် YBS ၂၄ နှင့် ၂၈ ယာဉ်လိုင်းတို့မှ ယာဉ်မောင်းအချို့ ယာဉ်ထွက်ခြင်းမရှိဘဲ ဆန္ဒပြနေကြသည်ဟုဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT)မှ တာဝန်ရှိသူက မဇ္စျိမသို့ မတ်လ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် အတည်ပြုပြောသည်။

အဆိုပါ ယာဉ်လိုင်းများမှ ယာဉ်မောင်းအချို့မှာ မောင်းကြေး တစ်ခေါက်လျှင် ကျပ် ၄၅ဝဝ ရရှိနေခြင်းဖြစ်ရာ မောင်းကြေးအား တိုးမြှင့်ပေးရန်အတွက် ယာဉ်မထွက်ဘဲ ဆန္ဒထုတ်ဖော်နေကြသည်ဟု မတ်လ ၆ ရက်(ယနေ့ နံနက်ပိုင်း)တွင် သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

“ ယာဉ်တွေ အကုန်ထွက်ကြပါတယ်။ ခေါက်ကြေးတိုးတောင်းတာ မဟုတ်ပါဘူး။ သူတို့က ဆီဆိုင်ပြဿနာ ကြောင့်ပါ။ ဆီဆိုင်မှာ ဆီဖြည့်တော့ အခေါက်မရကြဘူး။  မောင်းကြေးလိုတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ဆီဆိုင် ၃ ဆိုင် ခွဲထွက်ပေးလိုက်ပြီ။ ၄၅ဝဝ ဆိုတာကလည်း တစ်ရက် ၄ ခေါက်ဆွဲရမှာကို ဆီဖြည့်နေတာနဲ့ပဲ တစ် ခေါက်စာလိုတာပေါ့။ တိုးတောင်းတာမဟုတ်ပါဘူး။ ၃ ခေါက်နဲ့ပဲ မောင်းအားမပြည့်တဲ့အခါကျတော့ ၄ ခေါက်မောင်းလို့ရအောင်သူတို့က ပြောတာပါ။ ဒါကြောင့် ၄ ခေါက်မောင်းလို့ရအောင် ကျွန်တော်တို့ စီစဉ်ပေး ပြီးပြီလေ။ တောင်မြောက်လမ်းဆုံ တံတားဖြူမှာ အားလုံး ၃ ဆိုင်မျှထည့်ခိုင်းထားတယ်” ဟု အမည်မဖော်လိုသူ (YUPT)မှ တာဝန်ရှိသူက ပြောသည်။

YBS ၂၄ ယာဉ်လိုင်းမှာ ယာဉ်အစီးရေ ၄ဝ ခန့်ဖြင့် ဒဂုံတက္ကသိုလ်မှ ဗိုလ်တစ်ထောင်ဘုရားလမ်းအထိ ပြေးဆွဲ ပေးနေခြင်းဖြစ်ပြီး YBS ၂၈ မှာ ယာဉ်အစီးရေ ၃ဝ ဖြင့် ဒဂုံတက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲပေးနေခြင်းဖြစ် သည်။

“ ကျွန်တော်တို့က ဂတ်စ်ဆိုင်မှာလည်း အချိန်ပေးရတယ်ဗျာ။ ကျွန်တော်ဆိုရင် အခု မနက် ၂ နာရီကတည်းက စထည့်တာ။ အခုအဲ့ဒါ ၃ ကြောင်းပဲရတယ်။ ကျွန်တော်တို့က ဆန္ဒပြတယ်လို့တော့ သဘောမဟုတ်ဘူးပေါ့ဗျာ။ မလာတာပေါ့။ ယာဉ်မောင်းတွေကမလာပေမယ့် လူကြီးတွေကတော့ သူ့ဟာနဲ့သူ ယာဉ်မောင်းတွေ အစား ထိုးပြီးတော့ ထွက်နေပါတယ်”ဟု YBS ၂၈ မှ ယာဉ်မောင်းတစ်ဦးက မဇ္စျိမသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှ စတင်ကာ ဂတ်စ်ဆိုင် ၄ ဆိုင်ခန့်အထိ ယာဉ်များ ဂတ်စ်ခွဲထည့်နိုင်ရန် စီစဉ် ပေးခဲ့သော်လည်း ဂတ်စ်အပြည့်အဝမရနိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မှ သယ်ယူနေသည့် ဂတ်စ်မှာ ပျက်နေသည့် အတွက်ကြောင့်ဖြစ်သည်ဟု ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT)မှ သိရသည်။

“ဆန္ဒထုတ်ဖော်တာတော့ ဘာမှမရှိပါဘူး။ သူတို့မထွက်လည်း သူတို့ မမောင်းနဲ့၊ မလုပ်စားနဲ့ပေါ့။ ထမင်းစား ဖို့ပဲ။ သူ့ဘာသာ ယာဉ်မောင်းက ရှိပြီးသားပဲ။ မောင်းနိုင်တဲ့သူမောင်းမှာပေါ့။ အဓိကတော့ အလုပ်လုပ်မှ ပိုက်ဆံ ရမှာလေ။ အခေါက်ပြည့်အောင် မောင်းနိုင်တဲ့ သူကတော့ ရမှာပဲ။ မနက်ကတည်းက မောင်းနေကြတာပဲလေ” ဟု (YUPT)မှ တာဝန်ရှိသူကပြောသည်။

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT)မှာ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံမှ မှာယူတင်သွင်းထားသော ယာဉ်များဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောင်းလဲလိုက်သော YBS ယာဉ်လိုင်းစနစ်တွင် ယခင် မ.ထ.သမှ ပြောင်းလဲပါဝင်လာသော ကုမ္ပဏီဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags