ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ဆောင်ခြင်းသည် မြစ်ဆုံကိစ္စကို အာရုံလွှဲခြင်းမဟုတ်ဟု ဆို

ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ဆောင်ခြင်းသည် မြစ်ဆုံကိစ္စကို အာရုံလွှဲခြင်းမဟုတ်ဟု ဆို
ဓာတ်ပုံ - ဦးအောင်ကြည်ညွန့် ဖေ့စဘုတ်ခ်

နေပြည်တော်၊ မတ်လ ၅ ။           ။ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းသည် မြစ်ဆုံစီမံကိန်းကို အာရုံလွှဲရန်အတွက် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၄)မှ  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်းမှာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုတာ ပါခဲ့ပြီးသားပဲ။ မြစ်ဆုံ ပြသနာတွေ၊ဘာတွေ ဒီချိန်မှာ ဘာမှရှိခဲ့တာမဟုတ်ဘူး။ အခုကြတော့မှ မြစ်ဆုံကို အာရုံလွှဲချင်လို့ဆိုတာ စွပ်စွဲချက်တစ်ရပ်သာ ဖြစ်ပါကြောင်း အတိအလင်း ပြောကြားလိုပါတယ်”ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

ယနေ့ မတ်လ ၅ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ၄င်းက မီဒီယာများသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စသည် မည်သည့်ကိစ္စကိုမဆို လွှမ်းမိုးခြင်း၊ ရှောင်လွှဲခြင်း၊ အမြင်လွှဲခြင်း ဆိုသည့် ကိစ္စရပ်မျိုး မရှိကြောင်းကို ၄င်းက ဆက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အရေးကြီးအဆိုတစ်ရပ်ကို အာဏာရပါတီ NLD မှ ကိုယ်စားပြု လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ လ ၂၉ ရက်နေ့တွင် တင်သွင်းလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ကော်မတီဝင် ၄၅ ဦးပါရှိသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၂၀၀၈ ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ပြင်ဆင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ ပူးပေါင်းကော်မတီအနေဖြင့် ပုဒ်မ(၁)မှ စတင်ကာ ပုဒ်မ(၄၅) အထိ ဇယား(၁)မှ (၅)အတွင်းရှိသည့် ပြဋ္ဌာန်းချက်များအားလုံးကို ၅ လအတွင်း အပြီးသုံးသပ်ပြင်ဆင်ကာ ဥပဒေကြမ်းတစ်ရပ် ပေါ်ထွက်လာရေး အတွက် လုပ်ဆောင်ရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly