နွေရာသီရေရှားပါးမှု မဖြစ်စေရန် ကျေးရွာ(၁၂၃)ရွာ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်နေ

နွေရာသီရေရှားပါးမှု မဖြစ်စေရန် ကျေးရွာ(၁၂၃)ရွာ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်နေ

မကွေး၊ မတ် ၅ ။       ။     မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် နွေရာသီသောက်သုံးရေရှားပါးပြတ်လပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရေရှားပါးပြတ်လပ်နိုင်သော ကျေးရွာများတွင် သောက် သုံးရေရရှိရေး လုပ်ငန်းပေါင်း(၁၂၃)ခုကိုဆောင်ရွက်နေလျက်ရှိကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

“မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုံအတွင်းတည်ရှိပြီး နှစ်စဉ်ရေရှားပါးမှုတွေကြုံတွေ့ရတဲ့ တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေး နှစ်မှာတော့ ယခင်နှစ်က ရေရှားပါးလို့ ရေပေးဝေခဲ့ရတဲ့ ကျေးရွာများနဲ့ အခြားရေရှားပါးနိုင်တဲ့ ကျေးရွာများ ကို ဦးစားပေးပြီး ဆောင်ရွက်လျက် ရှိပါတယ်” ဟု တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။

သောက်သုံးရေ ရရှိရေးဆောင်ရွက်ရာတွင် တွင်းနက်စက်ရေတွင်း (၇၄)တွင်း၊ တွင်းတိမ်စက်ရေတွင်း (၃)တွင်း၊ လက်တူးတွင်း (၂)တွင်း၊ မြေသားရေကန်(၆)ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း(၅)ခု၊ အခြားရေရရှိရေး လုပ်ငန်း(၃၃)ခု စုစုပေါင်းရေရှိရေးလုပ်ငန်းပေါင်း(၁၂၃)ခုကိုငွေကျပ် ၂၃၆၀ ဒသမ ၆၀၄ သန်း ဖြင့် ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်မီ လုပ်ငန်းများ အမြန်ပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ တိုင်းဒေသကြီးတွင်းမှာရှိတဲ့ ကျေးရွာအချို့ဟာဆိုရင် နှစ်စဉ်ရေရှားပါးလို့ ရေဝေပေးနေ ရတာ တွေ ရှိပါတယ်။ ကျွန်တော်တို့ဌာနေအနေနဲ့တော့ ယခုနှစ်မှာ အဆိုပါ ရေဝေခဲ့ရတဲ့ကျေးရွာတွေနဲ့ အခြားရေ ရှားပါး နိုင်တဲ့ကျေးရွာတွေကို သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ တွေ ဦးစားပေးရွေးချယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနဲ့ ဆောင်ရွက်နေပါတယ်” ဟု  ဦးမျိုးအောင်က ဆက်ပြောသည်။

စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းတွင် အမြင့်ပေ ၂၀ ရှိသည့် ဂါလံ (၂၄၀၀)ဆံ စင်မြင့်ရေစင် (သို့မဟုတ်) ဂါလံ(၅၀၀၀) ဆံ့ အုတ်ရေကန်နှင့် အလျား ၁ဝပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိ ရေစက်ရုံတစ်ခုစီ၊ မြေသား ရေကန်တူးဖော်ခြင်း လုပ်ငန်းတွင် ခြံစည်းရိုးခတ်ခြင်းနှင့် လက်နှိပ် တုံကင်တပ်ဆင်ခြင်း၊ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုခတ်ခြင်းနှင့် လက်နှိပ် တုံကင်တပ်ဆပ်ခြင်းနှင့် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းတွင် ရေတားတမံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန် လုပ်ငန်းများပါဝင်ပြီး အချို့ကျေးရွာ များတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ရာသီတုဖောက်ပြန်မှုကြောင့် ကျေးရွာများတွင်အရေးပေါ် ရေရှားပါးမှု ကြုံတွေ့ပါက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများသို့ ဆက်သွယ်အကြောင်းကြားနိုင်ရန်ဖုန်းနံပါတ်များ ထုတ်ပြန်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly