NCA ဖော်ဆောင်မှုလမ်းကြောင်းသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှ သွေဖည်နေပြီဟုဆို

NCA ဖော်ဆောင်မှုလမ်းကြောင်းသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှ သွေဖည်နေပြီဟုဆို
ဓာတ်ပုံ- သက်ကို/မဇ္ဈိမ

ရန်ကုန်၊ မတ် ၅ ။         ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု လမ်းကြောင်း သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ရောက်ရှိစေမည့် လမ်းကြောင်းမှ သွေဖည်သွားပြီဟု PPST အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကပြောဆိုလိုက်သည်။

“ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှုလမ်းကြောင်းဟာ မူလက ကျွန်တော်တို့ရည်မှန်းထားတဲ့ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံ ချက်တွေအပြည့်အဝရှိပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖည်သွားပြီဖြစ်ပါတယ်”ဟု ၄င်းကဆိုသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မတ်လ ၅ ရက်နေ့ပြုလုပ်နေသည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်း အဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက် ခြင်းဖြစ်သည်။

ထို့ကြောင့် NCA အကောင်အထည်ဖော်နေမှုလမ်းကြောင်းများကို ပြန်လည်သုံးသပ်ကာ တည့်မတ်ရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ကဆိုသည်။

အပြောင်းအလဲပြုလုပ်ဖို့လုပ်အပ်ပါကလည်း NCA ပါအချက်အလက်များမှ သွေဖည်ခြင်းမရှိစေဘဲ ပါဝင်သူ အားလုံးကြားတွင် အကြေအလည်ဆွေးနွေးရန် လိုအပ်သည်ဟုလည်း ၄င်းကပြောသည်။

“ ပြန်လည်တည့်မတ်ဖို့ရည်ရွယ်ချက်နဲ့ပဲ KNU နဲ့ RCSS ဥက္ကဋ္ဌ ၂ ဦးကနေ ဆွေးနွေးစရာအချက် (၃)ချက်ပါတဲ့ စာတစ်စောင်ကို ၂၀၁၈ ခုနှစ်၊ အောက်တို ဘာလ (၁၁) နေ့မှာလက်မှတ်ရေး ထိုးခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို ပေးပို့ခဲ့ပါတယ်။ အဲ့ဒီ ပေးပို့ခဲ့တဲ့စာပါ အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော် တို့အကြားမှာ ဆွေးနွေးလိုပါတယ်။ အဲဒီအချက်တွေ အပေါ်မှာ ဘုံ သဘောထားရယူပြီးရှေ့ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ဆွေးနွေးရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက PPST အစည်းအဝေး တွင်ပြောကြားသည်။

ယနေ့အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရှိကြသည့်အမြင် များကိုလည်း မူလ ရည်မှန်းချက် ပန်းတိုင်ရောက်ရှိရေး ကြိုးပမ်းသည့်နေရာတွင် ပြည့်မှီ ခြင်းရှိ၊ မရှိ၊ ပြန်လည်သုံးသပ်ညှိနှိုင်းမှု ပြုလုပ်ရန် လိုအပ်သည့်အတွက် ခေါ်ဆိုသည့် အထူးအစည်းအဝေး တစ်ရပ်လည်းဖြစ်ကြောင်းလည်းသိရသည်။

ထို့အပြင်အစည်းအဝေးအဆိုပြုချက်များအတိုင်း KNU နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အနေဖြင့် PPST အစည်းအဝေးနှင့် ပတ်သက်ပြီး လိုက်လျောညီထွေဖြစ်စေမည့် ကိုယ်စားလှယ် လွှဲပြောင်းမှုများကိုလည်း ပြုလုပ်သွားမည်ဟုလည်း သိရသည်။

လက်ရှိတွင် PPST အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်တို့က တာဝန်ယူထားခြင်းလည်းဖြစ်သည်။

အဖွဲ့၏စည်းမျဉ်းအရ အစည်းအဝေးခေါ်ယူပိုင်ခွင့်မှာ PPST ခေါင်းဆောင်ဖြစ်သည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးလက်ထဲတွင်သာရှိပြီး ယခုကဲ့သို့ခေါ်ယူကျင်းပခြင်းလည်းဖြစ်သည်။

အစိုးရနှင့်တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်ရေးထိုးသည့်  ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNL)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ ( NMSP ) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ၁၀ ဖွဲ့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် PPST ကိုဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required