အမှိုက်ခွဲခြားသန့်စင်စက်ရုံ လည်ပတ်ပါက စည်းကမ်းမဲ့စွန့်ပစ်လျှင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

အမှိုက်ခွဲခြားသန့်စင်စက်ရုံ လည်ပတ်ပါက စည်းကမ်းမဲ့စွန့်ပစ်လျှင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၄ ။           ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ ကျိုက်ထီးရိုးတောင်ပေါ်တွင် တည်ဆောက်နေသော အမှိုက်ခွဲခြားသန့်စင် စက်ရုံ လုပ်ငန်းစတင်လည်ပတ်ပါက စည်းကမ်းမဲ့အမှိုက်ပစ်သူများအား လေလံစည်းကမ်းအရ ဆိုင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

“စက်ရုံလည်ပတ်ပြီဆိုတာနဲ့ တောင်က ထွက်တဲ့ တစ်နေ့စာအမှိုက်တွေကို ရှင်းမယ်၊ ဘုရားဖူးနည်းပါးတဲ့ အချိန်တွေဆို ယခင် စွန့်ပစ်ထားတဲ့နေရာတွေက အမှိုက်တွေကို ပြန်ဆယ်ပြီး ဒီစက်ရုံထဲ ထည့်ရမှာပါ။ အမှိုက်သန့်စင်စက်ရုံမှာရှိတဲ့ သတ်မှတ်ထားတဲ့နေရာမှာ မိမိအမှိုက်တွေကို လာရောက်စွန့်ပစ်ဖို့တော့လိုမယ်။ စက်ရုံလည်ပတ်ရင် သတ်မှတ်နေရာမှာ အမှိုက်မပစ်ရင်တော့ လေလံစည်းကမ်းအရ ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူမှု ပြုလုပ်သွားမယ်” ဟု ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းက ပြောသည်။

အဆိုပါ စက်ရုံကို ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် အကုန်ကျခံတည်ဆောက်ထားခြင်းဖြစ်ပြီး ကျိုက်ထီးရိုးတောင် တော် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေရေး၊ ဘုရားဖူးပြည်သူများနှင့် တောင်ပေါ်တွင် နေထိုင် လုပ်ကိုင်စားသောက်နေသူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်စေရန်အတွက် ဖြစ်သည်ဟု သိရသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် အမှိုက်စွန့်ပစ်မှုအား တွေ့မြင်ရစဉ်။

လက်ရှိအချိန်တွင် အမှိုက်ခွဲခြားသန့်စင်စက်ရုံ တည်ဆောက်မှုမှာ ပြီးစီးနေ၍ ပြည်နယ်ဝန်ကြီးချုပ် လာရောက်စစ်ဆေးမှု ပြီးစီးပါက မတ်လအတွင်း၌ လုပ်ငန်းလည်ပတ်တော့မည်ဟု သိရသည်။

စက်ရုံကို ရင်ပြင်တော်အနီးရှိ ဆီမီး ၉၀၀၀ ဓမ္မာရုံအနောက်ဘက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရာနှုန်းပြည့် ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် နေ့စဉ် အမှိုက် ၅ တန်ခန့် ထွက်ရှိနေပြီး စျေးဆိုင်တန်းများနှင့် နေအိမ်များမှ ထွက်ရှိသော အမှိုက်များအား သတ်မှတ်နေရာများတွင် စွန့်ပစ်ခိုင်းထားကာ အမှိုက်မျိုးစုံနှင့် ပလတ်စတစ် အမှိုက်များ အများဆုံး ထွက်ရှိသည်ဟု သိရသည်။

အဆိုပါ အမှိုက်ခွဲခြားသန့်စင်စက်ရုံလုပ်ငန်းလည်ပတ်ပါက နေ့စဉ် အမှိုက် ၁၀ တန်အထိ အမှိုက် အမျိုးအစား ခွဲခြားသန့်စင်ပြီးကာ ထွက်လာသောပစ္စည်းများအား ဖိနှိပ်ခြင်း၊ သိုလှောင်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်နိုင်မည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် တောင်ပေါ်တွင် နေထိုင်သူများနှင့် ဘုရားဖူးပြည်သူများက စည်းကမ်းတကျ အမှိုက်စွန့်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးမှသာ သန့်ရှင်းသာယာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီး မှု နည်းပါးလာမည်ဖြစ်ကြောင်း ကျိုက်ထီးရိုး ဆံတော်ရှင်သို့ ဘုရားဖူးတစ်ဦးဖြစ်သူ ဦးကိုကိုနိုင်က အကြံပြုပြောဆိုသည်။

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ၏ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ အကြုံပြုချက်တွင် ဖော်ပြထားသည်။

အမှိုက်သိမ်းစနစ် အမှိုက်သိမ်းစွန့်ပစ်မည့်နည်းလမ်းများ လိုက်နာကျင့်သုံးရန်၊ အမှိုက်သိမ်းစနစ်ကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်း၊ သတိပေးအရေးယူခြင်းနှင့် ရင်ပြင်တော်၊ မုဆိုးတောင်၊ ကျီးကန်းပါးစပ် ဝန်းကျင်ရှိ အမှိုက်အားလုံး စုပေါင်းကာ အမှိုက်သန့်စင်စက်ရုံသို့ ရောက်ရှိစွန်ပစ်သည်အထိ အမှိုက်သိမ်းစနစ်အား ပီပြင်စွာ ဆောင်ရွက်သင့်ကြောင်းနှင့် လက်ရှိနည်းပညာအရ သန့်စင်ပြီးသော ပလပ်စတစ်အမှိုက်များအား ဖိရန်အတွက် ဖိစက်အားတပ်ဆင်ရန် နည်းပညာအရ အမှိုက်ခွဲခြားသန့်စင်ရာတွင် Recycle အသုံးပြုရန် ခက်ခဲသော ကျန်ပစ္စည်း ၁၅ ရာခိုင်နှုန်းအတွက် မည်သို့ဖြေရှင်းမည်ကို ကြိုတင်အဖြေရှာထားသင့်ကြောင်း ပါရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required