ဖမ်းဆီးခံ ဟွာဝေး ဘဏ္ဍာရေးအရာရှိချုပ်က ကနေဒါအာဏာပိုင်တွေကို တရားပြန်စွဲ

ဖမ်းဆီးခံ ဟွာဝေး ဘဏ္ဍာရေးအရာရှိချုပ်က ကနေဒါအာဏာပိုင်တွေကို တရားပြန်စွဲ

ကွီဘတ်၊ မတ် ၄ ။                 ။ တရုတ် ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီကြီးရဲ့ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မန်ဝန်ကျို့က ဗန်ကူးဗားလေဆိပ်မှာ ဖမ်းဆီးခံရချိန်က သူ့ရဲ့ ဖွဲ့စည်းပုံပါ ရပိုင်ခွင့် အခွင့်အရေးတွေကို ချိုးဖောက်ခြင်း ခံရတယ်ဆိုပြီး ကနေဒါအာဏာပိုင်တွေကို တရားစွဲထားပြီဖြစ်ကြောင်း သူ့ရှေ့နေတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်က ဖမ်းဆီးခံရချိန်မှာ ဟွာဝေးတည်ထောင်သူရဲ့ သမီးလည်းဖြစ်တဲ့ မန်ဝန်ကျို့ဟာ ဖွဲ့စညး်ပုံပါ အခွင့်အရေးကို ပြင်းပြင်းထန်ထန်း ချိုးဖောက်ခံရတယ်လို့ ခံစားခဲ့ရကြောင်း၊ သူ့ကို မရမနေ ဖမ်းဆီးဖို့ လေဆိပ်မှာ ဟန်ပြစစ်ဆေးရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြာင်း မန်ဝန်ကျို့ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဟောင်းဝပ်မိုက်ကယ်ဆန်နဲ့ အလန်ဒိုးလစ်တယ်လ်တို့က ထုတ်ပြန်ပါတယ်။

အသက် ၄၇ နှစ်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး မန်ဝန်ကျို့ကို အမေရိကန်က အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်လို့ သံသယရှိပြီး အမေရိကန် တောင်းဆိုချက်နဲ့ ကနေဒါနိုင်ငံက ဗန်ကူးဗားလေဆိပ်မှာ မန်ဝန်ကျို့က ခရီးစဉ်အပြောင်းအလဲ စောင့်နေချိန် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မန်ဝန်ကျို့ကို ဖမ်းဆီးခဲ့တဲ့နောက်မှာ တရုတ်နိုင်ငံအတွင်း ကနေဒါနိုင်ငံသားတွေကို ဖမ်းဆီးမှုတွေ ရှိလာခဲ့ပြီး ဒါဟာ လက်တုံ့ပြန်မှုအဖြစ် ရှုမြင်ထားကြပါတယ်။

မန်ဝန်ကျို့ကို တရားဝင်မဖမ်းဆီးခင် အကောက်ခွန်အရာရှိတွေက သုံးနာရီ မေးမြန်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာကလည်း မရိုးမဖြောင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူ့ရှေ့နေတွေက စွဲချက်တင်ပါတယ်။

မန်ဝန်ကျို့ကို အမေရိကန်နိုင်ငံဆီ လက်လွှဲပေးပို့ဖို့ ကနေဒါတရားရေးဌာနက စတင်လုပ်ဆောင်လာချိန် တစ်နေ့တည်းမှာပဲ အခုလို ကနေဒါအာဏာပိုင်တွေကို မန်ဝန်ကျို့ဖက်က ပြန်ပြီး တရားစွဲဆိုလာတာလည်း ဖြစ်ပါတယ်။
တရုတ်အစိုးရကလည်း အမေရိကန်နဲ့ ကနေဒါတို့ဟာ တရုတ်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေပြီး မန်ဝန်ကျို့ကို ဖမ်းဝရမ်းထုတ်ထားကို ချက်ချင်းရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly