မင်းလှတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

By သက်နောင်
04 March 2019
မင်းလှတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

မကွေး၊ မတ် ၄ ။       ။    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊မင်းတဲကြီးကျေးရွာအုပ်စု၊ မင်းတဲကြီးကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မင်းလှမြို့မ ရဲစခန်းမှ သိရသည်။

မင်းတဲကြီးကျေးရွာတွင် နေထိုင်သော ဦးထွန်းစိန်(၆၁)နှစ်သည် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် နေအိမ်အပေါ်ထပ်ဘုရားခန်း၌ အရှည် ၂၄ပေခန့် ဝါယာကြိုးကို(၉)ပေအမြင့် ထုတ်တန်းတွင်ချည်၍ မတ်လ ၃ရက် နေ့က ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့ ညနေ ၄နာရီ ၄ဝမိနစ်အချိန်မှာ ဦးထွန်းစိန်၏ ချွေးမဖြစ်သူ မသောင်းကြည်သည် နေအိမ်သို့ပြန်လည်ရောက်ရှိလာချိန် နေအိမ်လှေကားတွင်ဦးထွန်းစိန်၏ ဖိနပ်သာတွေပြီး"အဖေ အဖေ"ဟုအော်ခေါ်ရာအိမ်အပေါ်ထပ်မှ"ဒုန်း"ဆိုသည့်အသံကြားသဖြင့် ယောက္ခမဖြစ်သူအား စိုးရိမ်သဖြင့်ဦးထွန်းစိန်၏ သားဖြစ်သူဝေဖြိုးအောင် ကို ဆက်သွယ်ခေါ်ယူခဲ့ကြောင်းသိရသည်။

"ဝေဖြိုးအောင်ရောက်ရှိချိန်မှာ နေအိမ်တံခါးမကြီးက ပိတ်ထားလို့ ဝရံတာကတစ်ဆင့် နေအိမ်အပေါ်ထပ်ကို တက်ခဲ့တယ်။ အပေါ်ထပ်က အတွင်းခန်းက ဂျက်ချထပ်ပိတ်ထားတော့ ကျော်တက်ပြီး အခန်းတွင်းဝင်ကြည့်တဲ့ အခါမှာ ဦးထွန်းစိန်ဟာထိုင်လျက်ငုတ်တုပ် ကြိုးဆွဲချနေတာကိုတွေ့ရတဲ့အတွက်ကြိုးဖြုတ်ပြီးဘုရားခန်းကို ရွှေ့ပြောင်းနေစဉ် သေဆုံးသွားခဲ့တယ်လို့ထွက်ချက်ပေးခဲ့တယ်"ဟု မင်းလှမြို့မစခန်းမှူး ဒုရဲမှူး ဦးသန်းလှိုင်က ပြောသည်။

အဆိုပါ သေဆုံးသူကိုမင်းလှမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးချက်အရသေဆုံးသူသည် စီးပွားရေးကျဆင်းမှုအပေါ် စိတ်ဓာတ်ကျကာ နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း မင်းလှမြို့ရဲစခန်းမှ သိရသည်။

ဦးထွန်းစိတ်သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ရုတ်တရက်သေဆုံးမှုကို စစ်ဆေးဆောင်ရွက်နိုင်ရန် မင်းလှမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၉)ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly