လွှတ်တော်အနီး ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသားကို လေကြောင်းဥပဒေဖြင့် ထပ်မံတရားစွဲမည်

လွှတ်တော်အနီး ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသားကို လေကြောင်းဥပဒေဖြင့် ထပ်မံတရားစွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ။        ။    မပျံသန်းရဇုန်အဖြစ် သတ်မှတ်ထားသည့် နေပြည်တော်၊ လွှတ်တော်အဆောက်အဦအနီးတွင် ဒရုန်း (Drone) လွှတ်တင်ရိုက်ကူးခဲ့သည့် ပြင်သစ်နိုင်ငံသားကို လေကြောင်းဥပဒေဖြင့်ပါ ထပ်မံတရားစွဲရန်စီစဉ်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးမောင်မော်က မဇ္စျိမသို့ အတည်ပြု ပြောသည်။

“ နေပြည်တော်လွှတ်တော်နဲ့ သမ္မတအိမ်တော် အဲဒါ မပျံသန်းရဇုန် သတ်မှတ်ထားတယ်။ အဲဒီမှာ ဒရုန်းလည်း ပါတယ်။ အဲ့အမှုနဲ့ပတ်သက်ပြီး စွဲတာပါ။ ဗုဒ္ဓဟူးနေ့ ရုံးထုတ်မယ်နော်” ဟု ၄င်းက ဆိုသည်။

အဆိုပါအမှုကို လာမည့် မတ်လ ၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဘုရားကုန်းတရားရုံး၌  ဦးတိုက်လျှောက်တရားစွဲ ဆိုကာ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နေပြည်တော် လွှတ်တော်ကြိုးတံတား အမှတ် (၂) ဂိတ်အနီး  ပြင်သစ်နိုင်ငံသားတစ်ဦးက ဒရုန်းလွတ်တင်သည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လေယဉ်အက်ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲတင်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း လည်း ဦးမောင်မော်က ပြောသည်။

ပြင်သစ်နိုင်ငံသားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဥတ္တရသီရိ မြို့နယ်တရားရုံးမှ စွဲချက်တင်ပြီးနောက် အလုပ်နှင့် ထောင်ဒဏ် တစ်လ ကျခံစေရန် အမိန့်ချမှတ်ထားသည်။

ထို့နောက် ပြင်သစ်နိုင်ငံသား Mr. Arthur Desclaux က “ မသိဘဲနဲ့ သယ်လာမိတဲ့အတွက် အပြစ်ရှိတယ် ဆိုရင်လည်း ခံပါမယ်။ အကယ်၍ ကြိုသိခဲ့မယ် ဆိုရင်တော့ ယူမလာတာ ဒါမှမဟုတ် လှည့်ပြန်သွားတာမျိုး လုပ်ပါမယ်။ ကျွန်တော့အနေနဲ့ မြန်မာနိုင်ငံကို ရောက်နေတဲ့အတွက် ဒီနိုင်ငံက ဥပဒေကိုတော့ လိုက်နာရမှာပေါ့ ” ဟု ၄င်းကို အမိန့်ချမှတ်သည့်နေ့တွင် တရားခွင်၌ ပြောဆိုခဲ့သည်။

၎င်း၏ ဖုန်းနှင့်ဒရုန်းမှာ မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် မှတ်တမ်းများ ရှိနေသည့်အတွက် နိုင်ငံပိုင် သိမ်းဆည်းသွားမည်ဖြစ်ပြီး စက်ဘီးကိုသာ ပြန်လည်ပေးအပ်မည်ဟုလည်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ပြင်သစ်နိုင်ငံသား Mr. Arthur Desclaux  သည် ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့ ဇန်နဝါရီ ၃ဝရက်က စက်ဘီး စီးနင်းပြီး ဝင်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်သို့ ရောက်ရောက်ချင်း လွှတ်တော်ကြိုးတံတားဂိတ်အနီး ဒရုန်းလွှတ်တင်နေစဉ် ဖမ်းဆီးခံရခဲ့ရခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly