ကင်ညာ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲတွင် သက်ထားသူဇာ ရွှေတံဆိပ်ဆုရရှိ

ကင်ညာ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲတွင် သက်ထားသူဇာ ရွှေတံဆိပ်ဆုရရှိ
ဓာတ်ပုံ-သက်ထားသူဇာ

မတ်လ ၃ ။        ။     ကင်ညာ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာက ပြိုင်ဘက် ဂျော်ဒန်ကစားသမား ဒိုမိုးအမ်ရိုးကို ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂  ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီးသော ကင်ညာ နိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲတွင် သက်ထားသူဇာက အမျိုးသမီး တစ်ဦးချင်းပွဲစဉ် (၁၆)ဦး အဆင့်တွင် မော်ရီးရှပ်(စ်) ကစားသမား ဂါနီရှာကို (၂၁ - ၈) (၂၁ - ၈) ဖြင့် (၂)ပွဲပြတ်၊ ကွာတားဖိုင်နယ်တွင် အီရန်ကစားသမား ဆာမင်ကို (၂၁ - ၁၈) (၂၁ - ၁၆) ဖြင့် (၂)ပွဲပြတ် အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

ဆီမီးဖိုင်နယ်တွင် သက်ထားသူဇာနှင့် အီဂျစ်ကစားသမား ဟေဒီယာဟော်စနီတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အီဂျစ် ကစားသမားကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သည်။

Kenya International Future Series 2019 အမျိုးသမီး တစ်ဦးချင်းပွဲစဉ် ဗိုလ်လုပွဲတွင် ဂျော်ဒန်ကစားသမား ဒိုမိုးအမ်ရိုး အား (၂၁-၁၀/၂၁-၁၀) ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် သက်ထူးသူဇာအနေဖြင့် ယခုပြိုင်ပွဲသည်၂၀၁၉ ခုနှစ်၏ ဒုတိယမြောက် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်က ယူဂန်ဒါနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ စီးရီးကြက်တောင်ရိုက်ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက နေပြည်တော်တွင် ကျင်းပသည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ခါးဒဏ်ရာရှိခဲ့ပြီးနောက် သက်ထားသူဇာက ၁ လကျော် အနားယူနေခဲ့ကာ ၂၀၁၉ ခုနှစ် ဇန်ဝါရီလ တတိယပတ်အတွင်း ပြန်လည်လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

သက်ထားသူဇာက ၂၀၁၉ ခုနှစ်အစတွင် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ ခု မြောက်ရရှိခဲ့ခြင်း ဖြစ်ပြီး လာမည့် ၂၀၂၀ ခုနှစ်၊ ဂျပန်နိုင်ငံတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ကစားသွားရန် ရှိနေသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required