တနင်္သာရီတိုင်းအစိုးရအဖွဲ့ယာဉ်တန်း ဖြတ်သွားစဉ် အရက်ပုလင်းခွံဖြင့် ပစ်ပေါက်ခံရ

တနင်္သာရီတိုင်းအစိုးရအဖွဲ့ယာဉ်တန်း ဖြတ်သွားစဉ် အရက်ပုလင်းခွံဖြင့် ပစ်ပေါက်ခံရ
ဓာတ်ပုံ-ပလောက်ရဲစခန်း

ပုလော၊ မတ်လ ၃ ။        ။      မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ပြည်သူများနှင့် သွားရောက်တွေ့ဆုံမှုပြုလုပ်ခဲ့သော တနင်္သာရီတိုင်းအစိုးရအဖွဲ့ ယာဉ်တန်းကို မတ်လ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲအချိန်ခန့်က လူတစ်ဦးက အရက်ပုလင်းဖြင့် ပစ်ပေါက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများသည်၊ ပုလောမြို့နယ် ပလမြို့ အမှတ် (၁) ရပ်ကွက်၌ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ များကို သွားရောက်တွေ့ဆုံခဲ့ပြီး နေ့လယ်ပိုင်းတွင် ထားဝယ်မြို့သို့ အပြန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာနှင့် အင်းမကျေးရွာအကြား မိုင်တိုင် အမှတ် ၆၉/၁ အနီးတွင် လမ်းပေါ်၌ ဖြတ်သွားနေသည့် အမျိုးသားတစ်ဦးက ယာဉ်တန်းအား အရက်ပုလင်းခွံဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်တန်း၌ အရက်ပုလင်းခွံထိမှန်သည့်ယာဉ်မှာ အငယ်တန်းအင်ဂျင်နီယာ ဦးအာကာကျော် မောင်းနှင်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန တိုင်းညွန်ကြားရေးမှူး ဦးသက်ဇော်ဝင်း၊ လက်ထောက် ညွန်ကြားရေးမှူး ဦးရှိန်နှင်းထန်တို့ လိုက်ပါလာသော ယာဉ်အမှတ် 3N- ….. လင်ခရူဆာ အမျိုးအစားယာဉ်၏ ရှေ့မှန်ကို ထိမှန်ခဲ့ကြောင်း ပလောက်ရဲစခန်းရုံးမှ မှုခင်းမှတ်တမ်းအရ သိရသည်။

"အရက်ပုလင်းနဲ့ ပစ်ခံရတဲ့ ကားက ယာဉ်တန်းရဲ့ နောက်ဆုံးက ကားပါ၊ ပုလင်းခွံနဲ့ ပစ်တော့ လေကာမှန် အက်ကွဲသွားတယ်။ ယာဉ်ပေါ်ပါသူတွေကတော့ ထိခိုက်ဒဏ်ရာ မရပါဘူး၊ တရားခံကိုလည်း ကျွန်တော်တို့ ရဲစခန်းမှာ ချုပ်ထားပါတယ်"ဟု ပလောက်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ပလောက်ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၂၇၉-က /၄၂၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly