အပစ်ရပ်လက်မှတ်ထိုးမည့် အဖွဲ့များ နှင့် အစိုးရတို့ ရန်ကုန်တွင် တွေ့မည်

အပစ်ရပ်လက်မှတ်ထိုးမည့် အဖွဲ့များ နှင့် အစိုးရတို့ ရန်ကုန်တွင် တွေ့မည်

ချင်းမိုင်၊ အောက်တိုဘာ ၂။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေး ရက်သတ် မှတ်နိုင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရန်ကုန်မြို့တွင် လာမည့် အောက်တိုဘာလ ၄ ရက်တွင် တွေ့ဆုံကြမည် ဖြစ်သည်။

လာမည့် အောက်တိုဘာလ ၄ ရက်တွင် တွေ့ဆုံရေးအတွက် တိုင်းရင်းသား ခေါင်းဆောင်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁ နှင့် ၂ ရက်များတွင် MPC မှ ကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရန်ကုန်မြို့ MPC ရုံးတွင် တွေ့ဆုံရန် NCA လက်မှတ်ရေးထိုးမည့် အဖွဲ့နှင့် လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ပြောသည်။

“ဆွေးနွေးမှာတော့ ဘယ်နေ့ ဘယ်ရက်မှာ အန်စီအေကို လက်မှတ်ရေးထိုးကြမယ်။ နောက် ပူးတွဲကျင်းပရေးကော်မတီကို ဘယ်လိုဖွဲ့ကြမလဲ။ ဖြစ်နိုင်ရင်တော့ တခါတည်း ဖွဲ့ကြတာပေါ့။ အခမ်းအနားကို ဘယ်လိုကျင်းပမလဲ။ သက်သေတွေကို ခေါ်မယ်ဆိုတော့ အများကြီးဆွေးနွေးဖို့ ရှိပါလိမ့်မယ်။ ဒါတွေကို အသေးစိတ် ဆွေးနွေးပြီးတော့မှ ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အတတ်နိုင်ဆုံး အဲဒီမှာ ညှိကြလိမ့်မယ်”ဟု ပူးဇင်ကျုံးက မဇ္ဈိမကို ပြောသည်။

NCAလက်မှတ်ရေးထိုးမည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက် ရေး ပါတီ(ALP)တို့ ၇ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်သည်။

အစိုးရးဘက်မှ ဖိတ်ကြားထားသော်လည်း အဆိုပါ အစည်းအဝေးသို့ အန်စီအေ လက်မှတ်မရေးထိုးသေးသည့် လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များမှာမူ တက်ရောက်နိုင်မည် မဟုတ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“ဖိတ်တော့ ဖိတ်ထားတယ်။ သူတို့ က လက်မှတ်ထိုးဖို့ကိစ္စတွေ စီစဉ်ဆောင်ရွက်မယ်ဆိုတော့ ကျနော်တို့က အဲဒီထဲမှာ မပါဘူးဆိုတော့ မတက်ဘူးလေ။ တခြားအဖွဲ့တွေလည်း မတက်ဖို့များတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် အစိုးရဘက်မှ NCA လက်မှတ်ရေးထိုးရန် လက်မခံသေးသည့် ရခိုင်အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ဝ အမျိုးသားအဖွဲ့(WNO) တအာင်း(ပလောင်) ပြည်လွတ်မြောက်ရေး တပ်ဦး(PSLF)တို့အား တခြား အဖွဲ့အစည်းများနည်းသူ ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာလ ၁ ရက်က MPC ကိုယ်စားလှယ်နှင့် တိုင်းရင်းသားခေါင်းဆောင်အချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံစဉ် MPC မှ အရာရှိက ပြောဆိုခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

“သူတို့ကိစ္စကို သူတို့က ဒါက သူများလိုဘဲ အသိအမှတ်ပြုသင့်တယ်။ စသဖြင့် အန်စီအေမှာ ပါဝင်နိုင်ဖို့ အဲဒီလိုပဲ လာပြောတယ်။ အဲဒီလိုလာပြောတော့ သေချာအောင် ပြန်မေးမြန်းနေတယ်၊ ယေဘုယပြောတဲ့ဟာကို လာရှင်းတယ်။ အဲဒါဘယ်လောက်ခိုင်မာလဲတော့ သူလည်း အသိအကျ အဖြေ မပေးနိုင်ဘူးလေ”ဟု သူက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းတိုးတက်ရေးပါတီ(SSPP/SSA)၊ မွန်ပြည်တစ်ပါတီ(NMSP)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ(NSCN-K)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ(UWSP)၊ တအာင်း(ပလောင်) ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရက္ခိုင် တပ်မတော် (AA)၊ ရခိုင်အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဝ အမျိုးသားအဖွဲ့(WNO) စသည့် အဖွဲ့ အစည်း ၁၀ ဖွဲ့ကမူ အဆင်သင့်မဖြစ်သေးသဖြင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

NCA လက်မှတ်ရေးထိုးပွဲ ကြိုဆင်ညှိနှိုင်းအစည်းအဝေးကို အစိုးရဘက်မှ စက်တင်ဘာလ ၃ ရက်တွင် တွေ့ဆုံရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မေတ္တာ ရပ်ခံချက်အရ စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ MPC တွ့ဆုံမည် ဖြစ်ကြောင် MPC မှ ဦးလှမောင်ရွှေ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly