မက္ခရာမင်းသားကြီးနှင့် အဆက်အနွယ်များအတွက် ရည်စူးပြီး ဆွမ်းကပ်၊ မေတ္တာပို့ခြင်း ပြုလုပ်

မက္ခရာမင်းသားကြီးနှင့် အဆက်အနွယ်များအတွက် ရည်စူးပြီး ဆွမ်းကပ်၊ မေတ္တာပို့ခြင်း ပြုလုပ်

မန္တလေး၊ မတ်လ ၁ ရက် ။           ။ ကုန်းဘောင်ခေတ် နန်းတွင်းအရေးတော်ပုံကာလ ၁၂၄၀ ခုနှစ်၊တပို့တွဲလပြည့်ကျော် ၁၁ ရက်နေ့တွင် စီရင်ဖျောက်ဖျက်ခံခဲ့ရသည့် မင်းတုန်းမင်းတြားကြီး၏ ဒုတိယမြောက် ဆောင်တော်မိဖုရားကြီး၊ သီရိသုဓမ္မရာဇာဘွဲ့ခံ မက္ခရာမင်းသားကြီးနှင့် မင်းသား ၄၀ ကျော်တို့ကို ရည်စူး၍ အနွယ်တော်များက ဆွမ်းဆက်ကပ်ခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြသည်။

မတ်လ ၂ ရက်၊နံနက် ၁၀ နာရီက မန္တလေးမြို့ ၆၂ လမ်းနှင့်လမ်း ၃၀ ထောင့်ရှိ ဝေပုလ္လာရာမမက္ခရာတိုက်၌ ပြုလုပ်ခြင်းဖြစ်ပြီး ယခု လေးကြိမ်မြောက် ဖြစ်သည်။

"၁၂၄၀ တပို့တွဲပြည့်ကျော် ၁၁ ရက်နေ့မှာပေါ့။ နန်းတွင်းအရေးတော်ပုံဖြစ်ပြီး မင်းသားတွေကို နန်းတွင်းထဲက အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်ပေါ့။ ဖမ်းဆီးထားပြီးတော့ ဒီမင်းသားတွေကို တပို့တွဲ လပြည့်ကျော် ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ အဲဒီ နှစ်ရက်မှာပေါ့ စီရင်ဖျောက်ဖျက်လိုက်တယ်။ အဲဒါ သူတို့အတွက်ကို ရည်စူးပြီးတော့ပေါ့ ။ ကျွန်တော်တို့က ဘုရားအမှူးပြုသော သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းပြီးတော့ မေတ္တာပို့ အမျှဝေပေးတယ်။"ဟု အနွယ်တော်တစ်ဦးဖြစ်သူ မက္ခရာသီဟက ပြောသည်။

ယခင်က ယခုလို ဆုတောင်းမေတ္တာပို့သမှုများကို အနွယ်တော်များက ကိုယ့်အစီအစဉ်နှင့်ကိုယ် ပြုလုပ်ခဲ့ကြပြီး အနွယ်တော်များ စုပေါင်းပြုလုပ်နိုင်ခြင်းမှာ လေးကြိမ်သာရှိသေးသည်ဟု မက္ခရာ သီဟကပြောသည်။

"အခုလိုဖော်ထုတ်တာ လုပ်တာဟာ အညှိုးတွေအတွက် မဟုတ်ဘူးခင်ဗျ။ ဒါတွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တာ ဒါတွေကို သင်ခန်းစာယူဖို့ပဲ။"ဟု မက္ခရာသီဟက ပြောသည်။

အနွယ်တော်များအနေဖြင့် ယခုလို ဆုတောင်းမေတ္တာပို့အခမ်းအနားများကို နှစ်စဉ်ပြုလုပ်သွားမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly