လာဘ်ပေးခဲ့သည်ဆိုသောနေ့က အစည်းအဝေးတက်နေခဲ့ဟု လာဘ်စားမှုဖြင့်တရားရင်ဆိုင်နေသူ တရားရုံးသို့ တင်ပြ

လာဘ်ပေးခဲ့သည်ဆိုသောနေ့က အစည်းအဝေးတက်နေခဲ့ဟု လာဘ်စားမှုဖြင့်တရားရင်ဆိုင်နေသူ တရားရုံးသို့ တင်ပြ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မတ်လ ၁ ။         ။ ဟာသရုပ်ဆောင်အောင်ရဲထွေး သေဆုံးခဲ့သည့်အမှုတွင် လာဘ်စားခဲ့သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲတင် စစ်ဆေးခံနေရသော  ခရိုင်ဥပဒေအရာရှိဟောင်း ဦးကိုကိုလေးက သူ့ကို လာဘ်ပေးခဲ့သည်ဟုဆိုသောနေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ အစည်းအဝေးတက်နေခဲ့သည်ဟု တရားရုံးသို့ တင်ပြခဲ့ကြောင်း စွပ်စွဲခံရသူ  ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်က ပြောသည်။

လာဘ်ပေးသည့်နေ့တွင် အစည်းအဝေးတက်နေကြောင်း ထောက်ခံချက်ပါသော စာရွက်စာတမ်းကို ရန်ကုန် တိုင်းတရားလွှတ်တော် တရားရုံးသို့ စွပ်စွဲခံရသူ ဦးကိုကိုလေးက မတ်လ ၁ ရက်နေ့(ယနေ့)ရုံးချိန်းတွင် တရားရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ပြီး တိုင်းတရားရုံးမှ ယင်းတင်ပြချက်အား လက်မခံခဲ့ခြင်းဖြစ်သည်။

“သူ့ကို လာဘ်ပေးတယ်ဆိုတဲ့နေ့ကပေါ့။ အဲ့့ဒီမှာ အစည်းအဝေးတက်နေပါတယ်ဆိုပြီးတော့မှ စာရွက်စာတမ်း နဲ့ ထောက်ခံစာတင်တယ်။ ထောက်ခံစာတင်တဲ့အခါကျတော့ ရုံးက လက်မခံဘူး။ အဲ့ဒါကြောင့် ဒီထောက်ခံစာ ကို လက်မှတ်ထိုးထုတ်ပေးခဲ့တဲ့ အရာရှိအမျိုးသမီးကို ရုံးတော်သက်သေအဖြစ်ခေါ်ပေးပါဆိုပြီးတော့ ဒီနေ့ လျှောက်တာ။ အဲ့ဒါကို ၂၂ ရက်နေ့ကျရင် အမိန့်ချလိမ့်မယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်က ပြောသည်။

စွပ်စွဲခံရသူ ဦးကိုကိုလေးအနေဖြင့် ထိုသို့ တိုင်းတရားရုံး၌ ခေါ်ယူစစ်ဆေးပေးရန် လျှောက်ထားခဲ့သော အမျိုးသမီးမှာ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်မာချိုဖြစ်ကြောင်းသိရသည်။

“ အကြောင်းပြချက်က သူ့ကို အဲ့ဒီတုန်းက ဒီငွေပေးတယ်ဆိုတဲ့အချိန် သူမရှိဘူးဆိုတာကို ကျွန်တော်တို့ ပြချင်လို့ပေါ့”ဟု စွပ်စွဲခံရသူ   ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်က ပြော သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိဟောင်း ဦးကိုကိုလေးမှာ အောင်ရဲထွေးသေဆုံးမှုတွင်  လာဘ်စားမှုဖြင့် တရားရင်ဆိုင်နေရသည့်  ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင်  ၆ ဦးထဲမှ ၁ ဦးဖြစ်ပြီး ငွေကျပ်သိန်း ၁ဝဝ နှင့် အရက်ပုလင်းကို  တံစိုးလက်ဆောင်ရယူခဲ့သည်ဟုဆိုကာ လာဘ်စားမှုဖြင့်  ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly