ကိုလိုနီခေတ်အဆောက်အဦများ လည်ပတ်မည်ဆိုပါက ပြည်နယ်အစိုးရအဖွဲ့သို့ ခွင့်ပြုချက်တင်ရန် လို

ကိုလိုနီခေတ်အဆောက်အဦများ လည်ပတ်မည်ဆိုပါက ပြည်နယ်အစိုးရအဖွဲ့သို့ ခွင့်ပြုချက်တင်ရန် လို

မော်လမြိုင် ၊ မတ်လ ၁ ။        ။     နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားနေသော မွန်ပြည်နယ်ရှိ ကိုလိုနီခေတ်အဆောက်အဦများကို လာရောက် လည်ပတ်မည်ဆိုပါက ကန့်သတ်နယ်မြေ ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနမှ အစိုးရအဖွဲ့သို့ ခွင့်ပြုချက် တင်ရန် လိုအပ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏကျော် က ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မွန်ပြည်နယ်အတွင်းရှိ ကိုလိုနီခေတ်အဆောက်အဦများအား နိုင်ငံခြားခရီးသွားများ လေ့လာခွင့်နှင့် စပ်လျဉ်းပြီး မေးမြန်းခဲ့ရာမှ ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

“ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာရှိတဲ့ ကိုလိုနီခေတ်က နာရီစင် လေ့လာခွင့်ပြုခြင်းက လုံခြုံရေးအရ မပြုနိုင်ကြောင်း၊ အခြားသော ကိုလိုနီခေတ်အဆောက်အဦအားလုံးကို ခရီးတိုတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းဆောင်ရွက်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအနေနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနအား အဆောက်အဦနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်ကို ပြုစုစေပြီး ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူပြီးမှသာ လည်ပတ်နိုင်သောခရီးစဉ်ဒေသများအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မိမိတို့အစိုးရအနေနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည် ” ဟု ဝန်ကြီး ဦးဝဏ္ဏကျော် က ဖြေကြားခဲ့သည်။

မွန်ပြည်နယ်တွင် ကိုလိုနီခေတ်အဆောက်အဦများဖြစ်သော အစိုးရအဖွဲ့ရုံးရှိ အင်္ဂလန်ဘုရင်အား ဂုဏ်ပြု ဆောက်လုပ်ထားသည့် နာရီစင်အပြင် သစ်တောရုံး၊ စတုတ္ထသမီးတော်ဆောင်နှင့် အခြားသော ကိုလိုနီခေတ် အဆောက်အဦများ ရှိနေခြင်း ဖြစ်သည်။

သက်ဆိုင်ရာခရီးသွားအဖွဲ့မှ တင်ပြလျှောက်ထားခြင်းထက်ကို လေ့လာခွင့်ပြုစေမည့်အဆောက်အဦနှင့် ပတ်သက်သည့် သက်ဆိုင်ရာဌာနမှ ဦးစွာခွင့်ပြုဆောင်ရွက်နိုင်သည်များအား ဦးစွာဆောင်ရွက်ပေးရန် သင့်ပါကြောင်းနှင့် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများလည်း သိရှိကာ လည်ပတ်မည့်ခရီးတိုအစီအစဉ်တွင် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“နိုင်ငံခြားခရီးသွားဧည့်သည်များစွာ စိတ်ဝင်စားမှု ရှိနေသော်လည်း တားမြစ်ဧရိယာသဖွယ် ဖြစ်နေတဲ့အတွက် အနီးကပ် လေ့လာခွင့် မရသေးပါဘူး။ ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာဟိုတယ်ခရီးသွားဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီး လိုအပ်သလိုခွင့်ပြုဆောင်ရွက်နိုင်ပါက ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိမည်ဖြစ်သလို ဝင်ငွေလည်း ရရှိမယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

မော်လမြိုင်မြို့သည် ၁၈၂၇ ခုနှစ်ကတည်းက အင်္ဂလိပ်လက်အောက်ကို စတင်ကျရောက်ခဲ့ရာ ကိုလိုနီခေတ် အဆောက်အဦများစွာ ရှိခဲ့သည့်အတွက် ရှေးဟောင်းယဉ်ကျေးမှုကို ပြသနိုင်သည့်လက်ရာများစွာ ရှိပြီး ပြည်နယ်အစိုးရရုံးဝင်းအတွင်းရှိ နာရီစင်မှာ အင်္ဂလန်ဘုရင် Edward VII အား ဂုဏ်ပြုသည့်အနေဖြင့် ၁၉၁၂ ခုနှစ်ခန့်တွင် မြန်မာပြည်တွင် အစောဆုံးစတင်ဆောက်လုပ်ခဲ့သော အဆောက်အဦ ဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly