မဲစာရင်းစစ်ဖို့ စည်းရုံးတဲ့ ဖြူဖြူကျော်သိန်း ထမင်းကောင်းကောင်း မစားချင်ဘူးလားလို့ ခြိမ်းခြောက်ခံနေရ

မဲစာရင်းစစ်ဖို့ စည်းရုံးတဲ့ ဖြူဖြူကျော်သိန်း ထမင်းကောင်းကောင်း မစားချင်ဘူးလားလို့ ခြိမ်းခြောက်ခံနေရ

ရန်ကုန်၊ အောက်တိုဘာ ၂။        ။ မဲစာရင်းမှားယွင်းမှုများ များစွာဖြစ်ပေါ်လာ ပြီးနောက် မဲစာရင်းသွားရောက် စစ်ဆေးကြရန်နှင့် မဲပေးကြရန် တိုက်တွန်းနေကြသည့် အနုပညာရှင်များအနက် အဆိုတော် ဖြူဖြူကျော်သိန်းမှာ မဲစာရင်းစစ်ဆေးရန် စည်းရုံးလှုံ့ဆော်ပြီးနောက် ခြိမ်းခြောက်ခံနေရကြောင်း မဇ္ဈိမနှင့် အသေးစိတ် အင်တာဗျူးတွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။

"ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုတာ အတွက်ကို မဲစရင်း ကြည့်ပါလို့ပြောတာ ပြောတာမှာတင်ကို သီချင်းအေးအေး မဆိုချင်ဘူးလာ။ ထမင်းကောင်းကောင်း မစားချင်ဘူးလာ။ မင်းနဲ့ဘဆိုင်လဲ ပြီးတဲ့အခါကျရင် ဘာသာရေး လူမျိုးရေးကစပေါ့နော် အဲလိုမျိုးလေးတွေ ပုတ်ခတ် စော်ကားတိုက်ခိုက် လောင်ပြောင်တာမျိုးလေးတွေ ရှိလာတယ်" ဟု ဖြူဖြူကျော်သိန်းက မဇ္ဈိမကို ပြောသည်။

ခြိမ်းခြောက်သည့်သူများသည် ဖြူဖြူကျော်သိန်း၏ လူမှုကွန်ယက် ဖေ့ဘုတ်စ်မှတစ်ဆင့် ခြိမ်းခြောက်ခြင်းဟုဆိုပြီး အဖွဲ့အစည်း တစ်ခုတွင် ရာထူးကြီးကြီးမားမား ယူထားသည့်သူများပါ ပါဝင်သည်ဟုလည်း ဖြူဖြူကျော်သိန်းက ပြောသည်။

"တစ်ချို့သော အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ နေရာကဏ္ဍမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေရဲ့ အကောင့်တွေကတောင် လာပြီးတော့ လုပ်ကြသူက ရှိတယ်။ အကောင့်ပုံးတွေ အကောင့်တုတွေအားလုံး လာတာပေ့ါနော်"  ဟု ဖြူဖြူကျော်သိန်းက ဆိုသည်။ အဆိုပါ ခြိမ်းခြောက်မှုများအတွက် မှတ်တမ်းများ ရယူထားပြီး ဥပဒေအတိုင်ပင်ခံများနှင့်လည်း ဆက်သွယ် ပြောဆိုထားသည်ဟုလည်း ပြောသည်။

မဇ္ဈိမနှင့် ဖြူဖြူကျော်သိန်းတို့ အသေးစိတ်တွေ့ဆုံမေးမြန်းမှုတွင် မဲပေးကြရန် ဖြူဖြူကျော်သိန်းက ထပ်မံတိုက်တွန်းသွားပြီး "တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပေ့ါ။ ခြိမ်းခြောက်နှောက်ယှက် ဖျက်ဆီးတာမျိုး၊ အန္တရာယ်ပြုတာမျိုး ရှိလို့ရှိရင် ဘားမှကြောက်စရာမလိုပါဘူး" ဟုလည်း ပြောဆိုသွားခဲ့သည်။

 

မှတ်ချက် -  မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းမှုတွင် မဲပေးကြရန် အနုပညာရှင်များက မည်သည့်အတွက်ကြောင့် စေ့ဆော်တိုက်တွန်းရသည်၊ မဲစာရင်း မှားယွင်းမှုများအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဖြူဖြူကျော်သိန်း၏ တုန့်ပြန်ချက်၊ ဖြူဖြူကျော်သိန်း ဖြစ်လိုသည့် ၂၀၁၅ အလွန် မြန်မာနိုင်ငံတို့ကို ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့သည်။ အဆိုပါ အသေးစိတ် မေးမြန်းမှုကို စက်တင်ဘာလ ၃ ရက်တွင် မဇ္ဈိမ ဒစ်ဂျစ်တယ် သတင်းစာ၊ မဇ္ဈိမ အင်တာနက် စာမျက်နှာများတွင် ဖေါ်ပြပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly