မြိုင်ရတနာစျေး ပြင်ဆင်ထိန်းသိမ်းရေးနှင့်ဝန်ထမ်းခများအတွက် သိန်း လေးရာကျော် သုံးစွဲဟု ဆို

မြိုင်ရတနာစျေး ပြင်ဆင်ထိန်းသိမ်းရေးနှင့်ဝန်ထမ်းခများအတွက် သိန်း လေးရာကျော် သုံးစွဲဟု ဆို
 မော်လမြိုင်မြို့၊ မြိုင်ရတနာစျေးအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့မြင်ရစဉ်။

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၊ ၂၈ ။            ။ မော်လမြိုင်မြို့၊ မြိုင်ရတနာစျေးရှိ ဓါတ်လှေကား၊ စက်လှေကားများ ပြင်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်းမှု အပေါ် ပြင်ဆင်ထိန်းသိမ်းရေးနှင့်ဝန်ထမ်းခများအတွက် ငွေကျပ် ၄၄၄ သိန်းခန့် အကုန်ကျခံ ဆောင်ရွက် နေကြောင်း မွန်ပြည်နယ်၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဖြေကြားသည်။

 ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး၏ မြိုင်ရတနာလေးထပ်စျေးရှိ ဓါတ်လှေကား၊ စက်လှေကားနှင့် အခြားပြင်ဆင်မွမ်းမံသင့်သည် များကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှု အပေါ် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “ မြိုင်ရတနာစျေး ဆိုင်ခန်းငှားရမ်းခနဲ့ လုပ်ငန်းလိုင်စင်များမှ တစ်နှစ်ကောက်ခံရငွေမှာ မြိုင်ရတနာနှစ်ထပ်စျေး၌ ကျပ်(၃၇၃.၆၉)သိန်းနှင့် မြိုင်ရတနာလေးထပ်စျေးမှ ကျပ်(၂၀၉.၆၆)သိန်း စုစုပေါင်း ၅၈၃.၃၅ သိန်း ရရှိပါ ကြောင်း နှင့် လိုအပ်သောပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ဝန်ထမ်းစရိတ်အဖြစ် ကျပ် ၄၄၄ သိန်း ကုန်ကျပါ ကြောင်း ” ဝန်ကြီး ဦးမင်းကျော်လွင်က ဖြေကြားသည်။

 ထို့ကြောင့် မြိုင်ရတနာစျေးသည် ဆိုင်ခန်းငှားရမ်းခနှင့် လုပ်ငန်းလိုင်စင်များမှ တစ်နှစ်လျှင် ငွေကျပ် သိန်း ၅၀၀ ကျော်ခန့် ရရှိသော်လည်း ပြင်ဆင်ထိန်းသိမ်းရေးနှင့်ဝန်ထမ်းခများအတွက် ငွေကျပ် ၄၄၄ သိန်းခန့် ကုန်ကျနေသည်ဟု ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

 လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နှစ်ထပ်စျေးရှိ Sunshade များ ပြုပြင်ခြင်း၊ လေးထပ် စျေးအမိုး ပြုပြင်ခြင်း၊ စျေးများဆေးသုတ်ခြင်း၊ စျေးရှေ့ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး၊ စျေးအပြင်တွင် Car Parking ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ထည့်သွင်းလျာထားတင်ပြသွားမည်ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။

 မြိုင်ရတနာစျေးနှင့်ပတ်သက်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၅၀ သိန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျပ်သိန်း ၁၁၀၉ သိန်းနှင့် ၂၀၁၈ ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) ကျပ်သိန်း (၉၇၉.၈)သိန်း လျာထား ပြုပြင်ဆောင်ရွက်ခဲ့သည်ဟု မော်လမြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထံမှ သိရသည်။

 ထပ်မံပြီး ဝန်ကြီးက မြိုင်ရတနာလေးထပ်စျေး ဓါတ်လှေကား(Lift)မှာ ကောင်းမွန်လျှက်ရှိပြီး၊ အသုံးပြုလျက် ရှိသည့် ( Escalator ) စက်လှေကားများ၏ အသုံးပြုမွမ်းမံပြင်ဆင်ထိန်းသိမ်းစရိတ်များအား ယခင် Game City မှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၂၀၀၈၊ ၂၀၀၉ ခုနှစ်ခန့်တွင် စက်လှေကား Floor Belt ပျက်စီးသဖြင့် ပြုပြင်စရိတ် ကျပ်သိန်း ၆၀ အား Game City မှ အကုန်ကျခံ ဆောင်ရွက်ခဲ့ပြီး Handrail Belt ပျက်စီးချိန်တွင် ပြုပြင်ရန် ကျပ်သိန်း ၁၂၀ ကုန်ကျမည်ဖြစ်၍ ယနေ့အထိ ရပ်နားခဲ့ရခြင်းဖြစ်ပြီး မူလဝယ်ယူခဲ့တဲ့ LG ကုမ္ပဏီနှင့် ဆက်သွယ်ပြီး စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆက်စပ်ပြောဆိုခဲ့သည်။

 ထို့နောက် Ocean Super Center နှင့် အစိုးရဌာန စည်ပင်သာယာရေးအဖွဲ့၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်ရှိ မြိုင်ရတနာစျေးမှ ပြည်နယ်ဘဏ္ဍာရံပုံငွေသို့ နှိုင်းယှဉ်ရာတွင် တစ်နှစ်လျှင် Ocean Super Center မှ ကျပ်သိန်း ၃၆၀ နှင့် မြိုင်ရတနာစျေးမှ ကျပ်သိန်း ၅၀၀ အထက် ရှိနေသဖြင့် ယခင်တည်ဆောက်ခဲ့သည့် စျေး အဆောက် အဦများကို လစ်လျူမရှုဘဲ ထိုက်သင့်သော ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ ဆောင်ရွက်ပေးသင့်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ထောက်ပြပြောဆိုခဲ့သည်။

 အဆိုပါမြိုင်ရတနာစျေး လေးထပ်စျေးကို ၁၉၉၃ ခုနှစ်တွင် အသစ်ဆောက်လုပ်ခဲ့ပြီး ဓါတ်လှေကား ၂ စင်းနှင့် စက်လှေကား ၆ စင်း တပ်ဆင်အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပြင်ဆင်ထိန်းသိမ်းမှုအားနည်းခြင်း တို့ကြောင့် ချို့ယွင်းပျက်စီးမှုများနှင့်အတူ နှစ်ပေါင်းရှည်ကြာစွာ အသုံးမပြုနိုင်ဘဲ ထားရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly