လူ ၁၀ဦးပါ ခရီးသည်တင်လေယာဉ် အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပျောက်ဆုံး

လူ ၁၀ဦးပါ ခရီးသည်တင်လေယာဉ် အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပျောက်ဆုံး

ဂျာကာတာ၊ အောက်တိုဘာ ၂ ။           ။ အောက်တိုဘာ ၂ရက်နေ့က ဆူလာဝေဆီကျွန်းပေါ် မာကာဆာနှင့် မာဆမ်ဘာကြား ပျံသန်းနေသော ခရီးသည်တင်လေယာဉ်ငယ် Twin Otter သည် ဒေသစံတော်ချိန် နေ့လည် ၂:၃၀ နာရီဝန်းကျင်က အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု အင်ဒိုနီးရှား၏ Aviastar လေကြောင်းလိုင်းက ပြောသည်။

လေယာဉ်ပေါ်တွင် လူ၁၀ဦးလိုက်ပါသွားခဲ့သည်ဟု အင်ဒိုနီးရှား၏ လေယာဉ်ပျံသန်းမှုအန္တရာယ်ကင်းရှင်းရေးအေဂျင်စီမှ အရာရှိတစ်ဦးဖြစ်သူ ဝစ္စနုဒါဂျိုနိုက ပြောသည်။ အာဏာပိုင်များ လေယာဉ်နှင့် အဆက်ပြတ်ခဲ့ကြောင်းလည်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင် လူကြီး လေးဦး၊ ကလေးတစ်ဦး၊ နို့စို့အရွယ်ကလေးနှစ်ဦး၊ လေယာဉ်မှူး၊ တွဲဘက်လေယာဉ်မှူး အပါအဝင်   လေယာဉ်အမှုထမ်း သုံးဦးနှင့် အင်ဂျင်နီယာတစ်ဦးတို့ လိုက်ပါသွားခဲ့သည်။

လေယာဉ်သည် နေ့လည် ၂:၂၉နာရီက မာဆမ်ဘာမှ ထွက်ခွာခဲ့ပြီး မာကာဆာတွင် နေ့လည် ၃:၃၉နာရီတွင် ရောက်ရှိမည်ဟု မျှော်မှန်းခဲ့သည်ဟု ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျူးလီးယပ်အန်ဒရာဗီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။ အဆက်အသွယ်ပြတ်တောက်ခဲ့သောနေရာ၏ ရာသီဥတုအခြေအနေများမှာ ကောင်းမွန်နေခဲ့သည်ဟု သတင်းရခဲ့သည်။   ပြည်တွင်းခရီးစဉ်များကို Aviastar ကသာ ပျံသန်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly