တပ်မြေစွန့်လွှတ်ရေးဆွေးနွေးစကားအချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်ကိုယ်စားလှယ် တောင်းဆို

တပ်မြေစွန့်လွှတ်ရေးဆွေးနွေးစကားအချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်ကိုယ်စားလှယ် တောင်းဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ။             ။ ကာကွယ်ရေးဝန်ကြီးဌာနမှ မစွန့်လွှတ်ကြောင်းပြောဆိုထားသည့်တပ်မြေအချို့နှင့်ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုအပေါ် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့သောကြောင့် စကားလုံးအချို့ကို လွှတ်တော်ဥက္ကဋ္ဌက မှတ်တမ်းမှ ပယ်ဖျက်ပေးခဲ့သည်။

 ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေးအတွင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ ဆွေးနွေးချက်အချို့အပေါ် ယင်းကဲ့သို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

 ဦးဌေးဦးက ၄င်း၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ရှမ်းတဲကြီးရပ်ကွက်တွင် ကျောင်းဆောက်ရန် မြေမရှိ၊  ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊  ဘာသာရေး၊ သာသနာရေးအတွက် မြေယာအခက်အခဲ ဖြစ်နေသည့်အတွက်  (၅၀၄) အမြောက်တပ်နှင့် သုံးမိုင်အကွာမှ ရယူထားသည့် မြေအစိတ်အပိုင်းအချို့ကို စွန့်လွှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

 ကာကွယ်ရေးဝန်ကြီးက မစွန့်လွှတ်ပေးနိုင်ကြောင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း ၎င်းရန်ကုန်တိုင်းကိုယ်စားလှယ် က ပြောဆိုခဲ့ပြီး “ ဒါဟာလည်း တပ်မြေသိမ်းဆည်းမှုနဲ့ စပ်လျဉ်းတဲ့ မူဝါဒသုံးရပ်အနက် နံပါတ်(၃) မူဝါဒဖြစ်တဲ့ တပ်ဌာနချုပ်ဧရိယာများနဲ့ တဆက်တစ်ဆက်တည်းမရှိသော သိမ်းဆည်းမြေများနဲ့ စပ်လျဉ်းတဲ့ဟာနဲ့ ပတ်သတ် တဲ့၊ ချမှတ်ထားတဲ့မူဝါဒနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံဖွံ့ဖြိုးရေးအတွက် လည်း ဖြစ်နိုင်သလို တစ်ခါ နိုင်ငံတော် လုံခြုံရေး ၊ တစ်ခါ နိုင်ငံတော် စက်မှု၊ လူမှု၊ စီးပွားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အခြားမူဝါဒများကြောင့်လည်း ဒီလိုပြဋ္ဌာန်းထားတဲ့မူဝါဒတွေနဲ့ မကိုက်ညီတဲ့ ဆောင်ရွက်ချက် တွေ ဖြစ်လာတာ၊ ဖြစ်နိုင်သော်လည်းပဲ ဥပဒေအရ ဆောင်ရွက်တာ မဟုတ်တဲ့အတွက် အားနည်းချက်တွေ ရှိနေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်”ဟု ဆွေးနွေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

 ၄င်း မြေအစိတ်အပိုင်းအချို့ စွန့်လွှတ်ပေးရန်ကိစ္စသည် သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေကြားခဲ့ပြီး၊ ပြီးပြတ်ခဲ့သည့်ကိစ္စ ဖြစ်ကြောင်း၊ လွှတ်တေ်ာကိုယ်စားလှယ်များသည် မိမိဆွေးနွေးသည့် အကြောင်းအရာသည် မှန်ကန်ကြောင်း၊ ခိုင်ခိုင်မာမာ ယုံကြည်တာဝန်ခံ၊ တာဝန်ယူရမှာဖြစ်ကြောင်းကို တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့သည်။

 “အခုကိုယ်စားလှယ်တော်ကြီးဆွေးနွေးသွားတဲ့အထဲမှာ ဒါသည် တစ်ဆက်၊ တစ်ဆက်တည်းတော့ မဟုတ်ဘူး။ သို့သော်လည်း သူ့ရဲ့ စီးပွားရေးအရလည်းကောင်း၊ လုံခြုံရေးအရလည်းကောင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ ဆိုထားပါတယ်။ အဲ့တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတာသည် သူကိုယ်တိုင် တိကျသေချာမှု မရှိဘူးလို့ပဲ ပေါ်လွင်ပါတယ်။ အဲဒီတော့ မိမိကိုယ်တိုင် တိကျသေချာရေရာမှုမရှိသော မိမိကိုယ်တိုင် တာဝန်မယူနိုင်သော ကိစ္စကို ထည့်သွင်းဆွေးနွေးထားပြီးတော့မှ ဥပဒေနဲ့ မညီဘူးလို့လည်း ဒါဟာ စွပ်စွဲထားတဲ့ သဘောမျိုး တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ မှတ်တမ်းမှလည်း ပယ်ဖျက်ပေးပါခင်ဗျ”ဟု ၄င်းတပ်မတော်သားကိုယ်စားလှယ်က လွှတ်တော်တွင်း ပြောသည်။

 ဦးဌေးဦး၏ တင်ပြချက်တွင် ပါဝင်သော “ နိုင်ငံတော် လုံခြုံရေး ၊ တစ်ခါ နိုင်ငံတော် စက်မှု၊ လူမှု၊ စီးပွားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အခြားမူဝါဒများ ကြောင့်လည်း ဒီလိုပြဋ္ဌာန်းထားတဲ့မူဝါဒတွေနဲ့မကိုက်ညီတဲ့ ဆောင်ရွက်ချက် တွေ ဖြစ်လာတာ၊ ဖြစ်နိုင်သော်လည်းပဲ ဥပဒေအရ ဆောင်ရွက်တာ မဟုတ်တဲ့အတွက် အားနည်းချက်တွေ ရှိနေတယ် ဆိုတာကိုတော့ ”  စကားလုံးကို ပယ်ဖျက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

 အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “ခုနကတော့ ကိုယ်စားလှယ်ကတော့ ဒါ သူ ဆက်စပ်တယ် ထင်လို့ သူဆွေးနွေးတာပေါ့နော်။ အဲဒီတော့ ပယ်ဖျက်ပေးပါမယ်၊ ဒီတစ်ချက်လေးတော့”ဟု ပြောကြားခဲ့သည်။

 ဒေါက်တာပြည့်ဖြိုး ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)မှ တင်သွင်းထားသည့် အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်ပြီး မြေယာစီမံ အုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချမဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည် စီမံကိန်း မျှော်မှန်းချက်များ အလိုက် လုပ်ငန်းစဉ်များ ၊ မူဘောင်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးဌေးဦးက ထောက်ခံဆွေးနွေးရာတွင် ထိုသို့ မှတ်တမ်းမှ ပယ်ဖျက်ပေးရန် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly