ကိုကိုးကျွန်းအနီး၌ စစ်ရေးလေ့ကျင့်မည်ဖြစ်သောကြောင့် သင်္ဘောနှင့်လေယာဉ်မဖြတ်ရန် တပ်မတော်သတိပေး

ကိုကိုးကျွန်းအနီး၌ စစ်ရေးလေ့ကျင့်မည်ဖြစ်သောကြောင့် သင်္ဘောနှင့်လေယာဉ်မဖြတ်ရန် တပ်မတော်သတိပေး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ။               ။ ကိုကိုးကျွန်းအနီး ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ စစ်ရေးလေ့ကျင့်မည်ဖြစ်သောကြောင့် ငါးဖမ်းသင်္ဘော များနှင့် လေယာဉ်များ ဖြတ်ပျံသန်းခြင်း မပြုရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သတိပေးထားသည်။

 တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် မတ်လ ၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကာလအတွင်း ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများကို လုပ်ဆောင်သွားမည်လည်း ဖြစ်သည်။

 ယင်းအတွက်ကြောင့် Point AA မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point BB မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်၊ Point CC မြောက် လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point DD မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ပြီး ရေကြောင်း သတိပေးချက်များ နှင့် လေကြောင်းသတိပေးချက်များအား ထုတ်ပြန် ကြေညာထားသည်ဟု တပ်မတော်ဘက်က ဆိုသည်။

 တပ်မတော်မှ ထုတ်ပြန်ထားသည့် စစ်ရေးလေ့ကျင့်မည့် မြေပုံဧရိယာသည် ကိုကိုကျွန်းနှင့် ပါလီပါလဲ့ကျွန်းတို့၏ အရှေ့ဘက် ဟိုင်းကြီးကျွန်း ၏ တောင်ဘက် ရှိ ပင်လယ်ပြင်၌ ဖြစ်သည်။

တပ်မတော်မှ လေ့ကျင့်ခန်းဆောင်ရွက်နေစဉ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရန် သတ်မှတ်ဧရိယာ မှ ၅ မိုင် ပတ်လည်အား သင်္ဘောကြီး/ငယ်များ ၊ ငါးဖမ်းသင်္ဘောများ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း ၊ ကျောက်ချ ရပ်နားခြင်း ၊ငါးဖမ်းခြင်း များ မပြုရန် နှင့် လေယာဉ် နှင့် ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုရန် တပ်မတော်မှ သတိပေးထားခြင်းဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly