ဒုတိယမြောက် သမိုင်းဝင် လက်ဆွဲနှုတ်ဆက်ကြတဲ့ ထရမ့်နဲ့ ကင်

ဒုတိယမြောက် သမိုင်းဝင် လက်ဆွဲနှုတ်ဆက်ကြတဲ့ ထရမ့်နဲ့ ကင်
Photo: AFP

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ။     ။ ဗီယက်နမ်၊ ဟနွိုင်းမြို့တော်က ဗုဒ္ဓဟူးနေ့ညမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်တို့ဟာ လက်ဆွဲနှုတ်ဆက်လိုက်ကြရင်း ဒုတိယအကြိမ်မြောက် ထိပ်သီးညီလာခံကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ဟနွိုင်းမြို့တော်က Metropole Hotel မှာ တွေ့ဆုံရင်း ခေါင်းဆောင်နှစ်ဦးဟာ ၎င်းတို့ရဲ့ အခု ထိပ်သီးအစည်းအဝေးကို ညစာအတူစာကြရင်း စတင်ဖွင့်လှစ်လိုက်ကြတာပါ။

အကြွင်းမဲ့ အာဏာရှင် မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေဟာ အလွန်အောင်မြင်မှု ရရှိလာမယ်လို့လည်း ထရမ့်က မျှော်လင့်ပြောဆိုထားပါတယ်။

မိတ်ဆွေဖြစ်သူ ကင်ဂျုံးအွန်သာ နျူကလီးယားလက်နက်သိုက်ကို စွန့်လွှွတ်လိုက်ရင် မြောက်ကိုရီးယားရဲ့ အနာဂတ် အံ့ဖွယ်ခမန်း ဖြစ်သွားစေပါမယ်လို့လည်း သမ္မတ ထရမ့်က ခုလို မတွေ့ဆုံခင် နာရီပိုင်းမှာပဲ တွစ်တာကနေ ရေးသားခဲ့ပါသေးတယ်။

သမ္မတ ထရမ့်ရဲ့ ရည်မှန်းချက်ကတော့ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက် ဖျက်သိမ်းပြီး ၁၉၅၃ ကိုရီးယားစစ်ပွဲ ပြီးကတည်းက အမေရိကန်နဲ့ မသင့်မမြတ်ဖြစ်နေတဲ့ ဆက်ဆံရေးကို အဆုံးသတ်နိုင်ဖို့ ကင်ဂျုံးအွန်ကို နားချနိုင်ရေးပဲ ဖြစ်ပါတယ်။

ကင်ဂျုံးအွန်ကို ခုလို နားချနိုင်ဖို့အတွက် ငြိမ်းချမ်းရေးသဘောတူညီမှု မရရှိဘဲ အပစ်ရပ်ထားတဲ့ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ကြောင်းကို ကမ်းလှမ်းပေးဖို့ လိုအပ်တယ်လို့လည်း ထရမ့်က ယုံကြည်ထားပုံ ရပါတယ်။

ခေါင်းဆောင်နှစ်ဦးရဲ့ ပထမဆုံး သမိုင်းဝင်တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းက စင်ကာပူမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ခု ဒုတိယမြောက် တွေ့ဆုံမှုမှာ ကင်ဂျုံးအွန်နဲ့ ထရမ့်တို့က နှစ်ကိုယ်တည်း သီးခြား မိနစ် ၂၀ ခန့် တွေ့ဆုံပါတယ်။ ဒီနောက်မှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေဟာ အတူညစာ စားသုံးကြပါတယ်။ နောက်ပိုင်း ဆွေးနွေးပွဲတွေကို ကြာသပတေးနေ့မှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly