ခရိုင်တရားရုံးတွင် အယူခံဝင်ထားသည့် သရုပ်ဆောင်မိုးအောင်ရင်အမှု ပယ်ချခံရ

ခရိုင်တရားရုံးတွင် အယူခံဝင်ထားသည့် သရုပ်ဆောင်မိုးအောင်ရင်အမှု ပယ်ချခံရ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၇ ။             ။ ပုဇွန်တောင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရသောအမှုအတွက် သရုပ်ဆောင် မိုးအောင်ရင် ဘက်မှ ခရိုင်တရားရုံးသို့ အယူခံဝင်ထားမှုကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပယ်ချကြောင်း အမိန့် ချမှတ် လိုက်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ခရိုင်တရားသူကြီးက  ပုဇွန်မြို့နယ်တရားရုံး၏ အမိန့်ကို မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး ထိုသို့ မှန်ကန်ကြောင်း အတည်ပြုလိုက်ခြင်းမှာ မိုးအောင်ရင်အား ရဲတပ်ဖွဲ့မှ သက်သေများနှင့် အတူရှာဖွေခဲ့စဉ်က ၎င်း၏ လွယ်အိတ်အတွင်းမှ ICE ၁ ဂရမ် တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

မိုးအောင်ရင်မှာ ရန်ကုန်မြို့၊ ပုဇွန်မြို့နယ်တရားရုံးမှ မူး/စိတ် ဥပဒေပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၅ နှစ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ မူး/စိတ် ဥပဒေပုဒ်မ- ၁၉(ဂ) ထောင်ဒဏ် ၁၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံထားရသူဖြစ်သည်။

သရုပ်ဆောင်မိုးအောင်ရင်ဘက်မှ ရန်ကုန်မြို ့၊ ပုဇွန်တောင်မြို့နယ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ- ၁၆(ဂ)/၁၅ ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရသောအမှုအတွက် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ အယူခံတင်ခဲ့ခြင်းဖြစ်သည်။

ယင်းအယူခံအား ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ပြီးနောက် အယူခံတင်ပြီး ၂ လအကြာတွင် ယခုကဲ့သို့ အယူခံတင်ထားမူအား ပယ်ချကြောင်း အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ မူး/စိတ် ဥပဒေပုဒ်မ- ၁၉(ဂ)အရ  ထောင်ဒဏ် ၁၂ နှစ်ချမှတ်ထား သည့် အမှုအတွက်လည်း မိုးအောင်ရင်ဘက်မှ  တိုင်းတရားလွှတ်တော်ရုံးသို့ အယူခံတင်ထားပြီး ယင်းအယူ ခံတင်ထားမှုအား လာမည့် မတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားရုံးလွှတ်တော်ရုံး၌ အမိန့်ချမှတ် သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly