ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲမှ ထူးချွန်သူများကို တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲအတွက် ရွေးချယ်မည်

ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲမှ ထူးချွန်သူများကို တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲအတွက် ရွေးချယ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ။             ။ ၂၀၁၉ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ရရက်မှ စတင် ကျင်းပနေပြီး တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲအတွက် ယခုပြိုင်ပွဲမှ ထူးချွန်သည့် ကစားသမားများကို ရွေးချယ် သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်လတ် ကပြော သည်။

 "အဓိက ရည်ရွယ်ချက်က မေလမှာ တိုင်းဒေသကြီးနဲ့ပြည်နယ် စစ်တုရင်ပြိုင်ပွဲရှိတယ်။ အဲဒီပြိုင်ပွဲအတွက် ကြို တင်လေ့ကျင့်မယ်။ လူရွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲကိုလုပ်ရခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖလားဆိုတော့ ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံပေါ့ ဒီပြင် တိုင်းနဲ့ပြည်နယ်တွေမပါဘူး။ ရန်ကုန်ထဲက လူတွေချည်း ဖြစ်ပါတယ်" ဟု ဦးမောင်မောင်လတ် ကပြော သည်။

 အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ရန်ကုန်မြို့၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန အောင်ဆန်းမိုးလုံလေလုံအားကစားရုံတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအကြိမ်မှာ လေးကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ၃၃မြို့နယ်မှ စစ်တုရင်ကစားသမား ၁၅၅ယောက် ဝင်ရောက်ယှဉ်ပြိုင် နေပြီး ထူးချွန်ကစားသမားများကို ရန်ကုန်တိုင်းကိုယ်စားပြု လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့် သွားမည်ဖြစ်သည်။

 "ကိုယ့်မြို့နယ်ကိုယ်စား တာဝန်ထမ်းဆောင်ချင်လို့ပါ။ ကျောင်းမှာဆိုရင်တော့ တက္ကသိုလ်ပေါင်းစုံ၊ ဝန်ကြီးချုပ် ဖလား၊ မြို့နယ်ပေါင်းစုံ၊ အာဆီယံ University Game မှာလည်း ဝင်ပြိုင်ဖူးပါတယ်။ လာမယ့် ၃လပိုင်း ၆ရက်နေ့ ကျရင် ဗီယက်နမ်မှာလည်း သွားပြိုင်ဖို့ရှိပါတယ်။ သုံးတန်း၊ လေးတန်း ငယ်ငယ်လေးထဲက ၀ါသနာပါလို့ကစား လာခဲ့တာ အခုဆိုရင် ၉နှစ်၊ ၁ဝနှစ်နီးပါးရှိပြီပေါ့" ဟု မြောက်ဒဂုံမြို့နယ်ကိုယ်စားပြု ဒဂုံတက္ကသိုလ် တတိယနှစ် ဇီဝနည်းပညာဘာသာရပ် အထူးပြုကျောင်းသား မောင်ထက်ဇော်ဖုန်း ကပြောသည်။

 ယခုပြိုင်ပွဲမှ ရန်ကုန်တိုင်း ပဏာမလက်ရွေးစဉ်ရွေးချယ်ပြီး တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲကျင်းပချိန်တွင် လက်ရွေးစဉ် စာရင်းကို အတိအကျထုတ်ပြန်သွားမည်ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲအတွက် အမျိုးသား အသက် ၂၅နှစ်အောက် ၄ယောက်၊ အသက် ၂ဝအောက် ၄ယောက် နှင့် အမျိုးသမီး အသက် ၂၅နှစ်အောက် ၄ ယောက် ရွေးချယ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဆုကြေးများအနေဖြင့် တစ်ဦးချင်းပြိုင်ပွဲအတွက် ကျပ် ၃သိန်း၊ ၂သိန်း၊ ၁သိန်း၊ ၁ဝဆုပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပြီး အသက် ၂၅နှစ်အောက်အတွက် ပထမ၊ ဒုတိယ၊ တတိယ၊ ၃ဆုနဲ့ အသက် ၂ဝနှစ်အောက် ပထမ၊ ဒုတိ ယ၊ တတိယ ၃ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

 အသင်းလိုက်အတွက် ကျပ် ၅သိန်း၊ ၃သိန်း၊ ၂သိန်း သုံးဆု ပေးသွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ကျပ် ၂၄ သိန်း ၆သောင်း ဆုကြေးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly