မြေယာပြဿနာအများစုမှာ လုပ်ပိုင်ခွင့်ကိုသုံးပြီး သိမ်းဆည်းခြင်းကြောင့်ဟု ဆို

မြေယာပြဿနာအများစုမှာ လုပ်ပိုင်ခွင့်ကိုသုံးပြီး သိမ်းဆည်းခြင်းကြောင့်ဟု ဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ။           ။ မြေယာပြသနာများသည်  အခြေခံလူတန်းစား၊ ငွေရှင်ကြေးရှင်နှင့်အစိုးရတို့ သုံးဦးကြားတွင် ဖြစ်ပွားနေပြီး အာဏာပိုင်နှင့်လုပ်ပိုင်ခွင့်ရထားသူတစ်ချို့မှ လုပ်ပိုင်ခွင့်ကို အသုံးပြုကာ မလှိမ့်တပတ်နှင့်ကိုယ်ကျိုးရှာ သိမ်းခြင်းကြောင့်ဖြစ်သည်ဟု မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းကပြောကြားသည်။

 ပြည်သူများ၏မြေများကို အစိုးရဝန်ကြီးဌာနများမှ လုပ်စရာရှိဟုဆိုကာ သိမ်းဆည်းရာတွင် ဥပဒေနှင့်အညီ မလုပ်ဆောင်ခြင်း၊ မြေယာလျော်ကြေးများ မပေးခဲ့ခြင်းတို့ကြောင့် မူလပိုင်ရှင်များနှင့် ပြဿနာများလည်း  ဖြစ်နေသည်ဟု ၄င်းကဆက်ပြောသည်။

 “အာဏာပိုင် တွေနဲ့ လုပ်ပိုင်ခွင့်ရထားတဲ့သူတစ်ချို့က လုပ်ပိုင်ခွင့်ကို သုံးပြီး မြေတွေကို ကိုယ်နဲ့ ကိုယ့် လူတွေအတွက် မလှိမ့်တပတ်နဲ့ ကိုယ်ကျိုးရှာ သိမ်းဆည်းခြင်းဖြစ်ပါတယ်။ အဲ့တာ အပြင် ငွေရှင်ကြေးရှင် တွေ ကုမ္ပဏီတွေဆီက တစိုးလက်ဆောင်ရယူပြီး လုပ်ပိုင်ခွင့်တွေ ချပေးဖို့သိမ်းပြန်သေးတယ်ဆိုတော့ ဒီလိုကိစ္စ အတွက်နဲ့ တက်လာတဲ့ ပြသနာက ခုနနိုင်ငံအတွက် လိုအပ်လို့သိမ်းတဲ့ပြဿနာတွေထက် အဆတစ်ရာ လောက်ရှိပါတယ် ။ ဒီတော့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ မြေယာပြသနာရဲ့ အစဟာကိုယ့်အကျိုးစီးပွား အတ္တကို ရှေ့တန်းတင်ကြတဲ့ တာဝန်ရှိသူတွေကြောင့် အဓိကဖြစ်တယ်ဆိုတာ တွေ့ရပါတယ်”ဟု ၄င်းက ပြောကြားသည်။

 ဖေဖော်ဝါရီ ၂၇ ရက်နေ့က အမျိုးသားလွှတ်တေ်ာ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာပြည့်ဖြိုး တင်သွင်းထားသည့် အမျိုးသား မြေဥပဒေ(National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံသပ်ပြီး မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည် စီမံကိန်း မျှော်မှန်း ချက်များအလိုက် လုပ်ငန်းစဉ်များ ၊ မူဘောင်များ ချတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးမျိုးဝင်းက ထောက်ခံဆွေးနွေးရာတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဒါကြောင့်နိုင်ငံတော်ပိုင်မြေဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ နှစ်ခုစလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ခဲ့ကြတဲ့ အာဏာပိုင်တွေက သူတို့ သာလျှင် နိုင်ငံတော်ဖြစ်တယ်လို့ ယူဆခဲ့တဲ့နောက်မှာတော့ အစိုးရ အနေနဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတာရော၊ မရှိတာရော အပေါ်မှာ ဝင်ရောက်စွက်ဖက် ခဲ့တာကြောင့် သာမန်နိုင်ငံ သားတွေရဲ့မြေယာပိုင်ဆိုင်ခွင့်ကြီးပျောက်ဆုံးခဲ့ရပါတော့တယ်”ဟု ၄င်းကဆက်လက်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly