တစ်သျှူးငှက်ပျောစိုက်ရန် မြေငှားရမ်းပြီး ငွေအကြေမချေသဖြင့် တောင်သူများက ရှင်းလင်း

တစ်သျှူးငှက်ပျောစိုက်ရန် မြေငှားရမ်းပြီး ငွေအကြေမချေသဖြင့် တောင်သူများက ရှင်းလင်း
 (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မဘိမ်း၊ဖေဖော်ဝါရီ ၂၇ ။        ။     ရှမ်းပြည်နယ်မြောက်ပိုင်း၊မဘိမ်းမြို့နယ်၊ငါးအိုးကျေးရွာတွင် တစ်သျှူး ငှက်ပျောလာရောက်စိုက်ပျိုးနေသည့် သီးစိန်ကုမ္ပဏီသည် ဒေသခံတောင်သူ ၄၀ ဦးထံမှမြေဧက ၈ဝဝကျော်ငှားရမ်းမည်ဟုဆိုကာ ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်ခဲ့ပြီး သတ်မှတ်ရက်အတွင်း စရံငွေ အကြေမပေးသဖြင့် ဒေသခံတောင်သူများက ဖေဖော်ဝါရီလ ၂၇ ရက်၊မွန်းလွဲ ၂ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၂၀၁၈ခုနှစ်၊ဒီဇင်ဘာလက သီးစိန်ကုမ္ပဏီသည် တစ်သျှူး ငှက်ပျောစိုက်ပျိုးရန်အတွက် ဒေသခံတောင်သူ များနှင့်တွေဆုံကာ မြေငှားရမ်းရန် ဆွေးနွေးခဲ့ပြီး စရံငွေများပေးချေ၍ သဘောတူခဲ့ကြသည်။ကျန်သည့်ငွေကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီလအတွင်း အပြီးပေးချေမည်ဟု သဘောတူထားခဲ့ကြသော်လည်း ကုမ္ပဏီဘက်မှ ယခု ဖေဖော်ဝါရီလ ၂၇ ရက်အထိ ပေးချေခြင်းမရှိသေးခြင်းကြောင့် တောင်သူများမှာ နစ်နာနေမှုများရှိနေသည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်တောင်သူများကဆိုသည်။

သီးစိန်ကုမ္ပဏီသည် ကျန်ရှိငွေကို ပေးချေခြင်းမရှိသေးဘဲ မြေဧက ၈ဝဝကျော်ကို ရှင်းလင်းနေပြီး တစ်သျှူး ငှက်ပျောပျိုးပင်များ စိုက်ပျိုးလျှက်ရှိကြောင်း ဒေသခံတောင်သူများအနေဖြင့် ငွေအကျေ ပေးချေပြီးမှသာ ဆက်လက် စိုက်ပျိုးလုပ်ကိုင်စေချင်ကြပြီး မပေးချေပါက ငှားရမ်းမြေများကို ပြန်လည်ရယူသွားမည်ဟု လည်းသတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ဒေသခံတောင်များကဆိုသည်။

"ကျွန်တော်တို့ ငှားတယ်ဆိုတာကလည်း ငွေလိုနေကြလို့။ ဒီဘက်မှာ ဘာစိုက်စိုက် တောင်သူတွေ ရှုံးနေတယ်။ နည်းပညာမရှိတာလည်း ပါတယ်။ပ့ံပိုးမှုမရှိတာလည်း ပါတယ်။ဒါကြောင့်ငှားဖြစ်တယ်။ကျွန်တော်က ငွေကို စောင့်ပေးတယ်။ကုမ္ပဏီက သတ်မှတ်ထားတဲ့ရက်လွန်နေပြီ မပေးဘူး။ လုပ်တာကတော့ လုပ်နေတယ်။"ဟု ဦးမြင့်သိန်းဝင်းကပြောသည်။

မြေငှားရမ်းရာတွင် တစ်နှစ်လျှင် တစ်သိန်ခုနှစ်သောင်းကျပ် (တစ်ဧက) ဖြင့် သဘောတူထားပြီး ခြောက်နှစ် လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုရန်ပြောဆိုထားကြောင်း ငှားရမ်းမှုတွင် ပထမ ၂နှစ်ကို ကျပ် တစ်သိန်းခုနှစ်သောင်း ဖြင့် သဘောတူထားပြီး ၂ နှစ်တစ်ကြိမ် ပြန်လည်စာချုပ် ချုပ်ဆိုသွားရန် သဘောတူညီမှုများ ရှိခဲ့ကြောင်း တောင်သူများက ဆိုသည်။

"ကုမ္ပဏီဘက်က သူတို့ဘက်က လုပ်မြဲတမ်းတော့ လုပ်နေကြတယ်။ဒါပေမယ့် တောင်သူတွေကိုတော့ ခေါ်ယူဆွေးနွေးတာ တစ်ချိန်မှမရှိခဲ့ဘူး။"ဟု မြေငှားထားသူတစ်ဦးဖြစ်သည့် တောင်သူ ဦးထွန်းနိုင်က ပြောသည်။

လတ်တလောတွင် ကုမ္ပဏီဘက်မှ မြေငှားထားသည့် တောင်သူ ၄၀ ဦးကျော်နှင့်လာရောက်တွေ့ဆုံညှိုနှိုင်းမှုများ လုပ်ဆောင်ခြင်း မရှိကြောင်းလည်း ဦးထွန်းနိုင်ကဆိုသည်။

"တစ်လပိုင်းကုန်ရင် စာချုပ်ပေးမယ်လို့ပြောပါတယ်။ဒါပေမယ့် တစ်လပိုင်းကုန်တဲ့အထိ တောင်သူတွေ စောင့်ပေးပါတယ်။ဒါပေမယ့် အခု နှစ်လပိုင်း ၂၇ ရက်ရောက်ပါပြီ။ အခုကျွန်တော်တို့ နောက်ထပ် လုပ်ထား တာကတော့ ၂၈ ရက်နေ့မှာမှစာချုပ်ချုပ်ခဲ့ခြင်းမရှိဘူးဆိုရင်တော့ ကျွန်တော်တို့တောင်သူ ဘက်ကနေ ပြတ်ပြတ် သားသား ဖယ်ရှားရမှာဖြစ်ပါတယ်။"ဟု ဦးထွန်းနိုင်က ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး ကျန်ရှိငွေ မပေးချေပါက ကုမ္ပဏီမှ ငှားရမ်းလုပ်ကိုင်နေသည့် မြေများကို ပြန်လည်သိမ်းယူသွားကြမည်ဟု ဒေသခံတောင်သူများကဆိုသည်။

"အသိပညာ မကြွယ်ဝတာတို့ အခက်အခဲတွေကိုပေါ့သူတို့အပေါ်ကိုများ အခွင့်အရေးယူပြီး တစ်သျှူး ငှက်ပျောတွေ လာစိုက်တာလားပေါ့။ကျွန်တော်တို့ကလည်း ဘာလုပ်ပေးနိုင်လဲလို့ ကြည့်ပေးတယ်။ ကြပ်မတ်ပေးတယ်။နည်းမှား လမ်းမှားဖြစ်လာရင် ဝိုင်းဝိုင်းဝန်းဝန်းနဲ့ပြည်သူမနစ်နာအောင် ဆောင်ရွက် ပေးတယ်။တစ်သျှူးငှက်ပျောကတော့ ကျွန်တော်တို့ဆီကို ပထမဆုံးဝင်လာတာပဲ။ဆိုးမလား ကောင်းမလား လက်ရှိကတော့ ငှားလိုက်ရင် ငွေလေးတော့ ရလိုက်မယ်။နောက်ရေရှည် အကျိုးတွက်က ကောင်းမွေဖြစ်မလား ဆိုးမွေဖြစ်မလား မဝေခွဲနိုင်ဘူး။ကုမ္ပဏီက တစ်သျှူးပျိုးပင်တွေသယ်လာပြီ။ ကျွန်တော်တို့မေးကြည့်တော့ ကာစတန် ဂျူတီ ဘာညာဆောင်ခဲ့လားမေးကြည့်တော့ သူတို့ကမဆောင်ခဲ့ဘူး။နောက် ဒီပျိးပင်တွေက ပျိုးပင် အဖြစ်ဝင်လာတာလေ။ အစေ့နဲ့ဝင်လာတာမဟုတ်ဘူး။အဲမှာ ကျွန်တော်တို့က စိုက်ပျိုးရေး ဦးစီးဌာန၊ သုတေသနဌာနတွေကို စမ်းသပ်စိုက်ပျိုးပြီးတော့ ဒါတွေဟာ မြန်မာပြည်မှာစိုက်ခွင့်ရှိလား။ မရှိဘူးလားဆိုတဲ့ ခွင့်ပြုမိန့်တွေ လက်မှတ်တွေ သူတို့မှာ မရှိဘူး။"ဟု မဘိမ်းမြို့နယ် NLD ပါတီမှအလုပ်အမှုဆောင် ဦးကိုကိုမင်း က ပြောသည်။

အဆိုပါ တစ်သျှူး ငှက်ပျောကို မဘိမ်းမြို့နယ်တွင် ပထမဆုံးလာရောက်စိုက်ပျိုးနေခြင်းဖြစ်ပြီး ကုမ္ပဏီ သုံးခုခန့် ရှိကာ ဒေသခံများအနေဖြင့် အဆိုပါ စိုက်ပျိုးမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးကောင်းကျိုးတို့ကို သိရှိထားခြင်း မရှိကြောင်း သိရသည်။

"အခုပြဿနာက ကျွန်တော်တို့ကရှင်းတယ်။ ကျွန်တော့်ဒေသခံက ကျွန်တော့်မဲဆန္ဒရှင်ပြည်သူတွေကပေါ့နော်။ အခုအခက်အခဲကို သူတို့စောင့်ကြည့်တဲ့အပေါ်မှာမူတည်တယ်။အဲဒီအထဲမှာ သူတို့ချင်း ပြေလည်သွားရင် ဘာမှ လုပ်စရာမလိုဘူး။မပြေလည်ရင် ကျွန်တော်တို့က လုပ်ထုံး လုပ်နည်းနဲ့အညီ ကျွန်တော်တို့သက်ဆိုင်ရာနဲ့ ဥပဒေ လမ်းကြောင်း အမှန်အတိုင်း တောင်သူတွေဘက်ကနေ ကျွန်တော်တို့က ဖြေရှင်းဆောင်ရွက်ပေးမယ်။" ဟု မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်းက ပြောသည်။

မဘိမ်းမြို့နယ်အတွင်း တစ်သျှူး ငှက်ပျော စိုက်ပျိုးကုမ္ပဏီများဝင်ရောက်လာနေခြင်းနှင့်ပတ်သက်၍ ရှမ်း ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မည်သို့ စီမံဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်းထားသည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်းကဆိုသည်။

"ပျိုးပင်တွေက ကာစတန်ဂျူတီ ဆောင်ပြီးမှ ဝင်လာတာ။ကုမ္ပဏီကတော့ အကုန်လုံး လိုင်စင်လျှောက်ထားပြီး လုပ်တယ်။ကျွန်တော်တို့ စရံပေးသွင်းထားတာကတော့ဟုတ်တယ်။ ဆက်လက်လုပ်ဖို့ လုပ်ငန်းလေးတွေ အခက် အခဲရှိနေလို့။အခုဟာက ကျွန်တော်တို့ မြေတွေရှင်းလင်းတာ အခက်အခဲတွေရှိနေလို့ မပြီးသေးလို့ နည်းနည်းလေး နောက်ဆုတ်နေတာ ဖြစ်နေတယ်။ကျွန်တော်တို့ အောက်ခြေမှာ တောင်သူနဲ့ အဆင်ပြေအောင် ရှင်းလင်းသွားရမှာပဲ။ဘယ်လိုလုပ်ပြီးမှ ဘယ်လိုရှင်းပြီးမှ ကျွန်တော်တို့ ဒီမြေအနေအထား အခုလောလောဆယ် ဆိုတော့ အပြည့်စုံမတိုင်းပြီးသေးဘူး။တစ်ချို့လည်း လုပ်နေတာလေးတွေရှိသေးတယ်။အဲခါကျတော့ တောင်သူတွေနဲ့ ပြေလည်အောင်ဆွေးနွေးပြီးမှ လုပ်ဆောင်သွားမယ်။"ဟု သီးစိန်ကုမ္ပဏီမှ တာဝန်ခံ ဦးကြည်ထွန်းက ပြောသည်။

ကုမ္ပဏီအနေဖြင့် လျာထားထားသည့် ဧက ၈၀၀ လုံးကို တစ်သျှူး ငှက်ပျောစိုက်ပျိုးမှု လုပ်ကိုင်သွားမည် ဖြစ်သော်လည်း လတ်တလောတွင် မြေများပြုပြင်ခြင်းနှင့်အပင်ပျိုးခြင်း လုပ်ငန်းများသာ လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ဦးကြည်ထွန်းကဆိုသည်။

 

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required