မန်းချောင်းအပန်းဖြေ ဆင်စခန်းတွင် ဝင်ကြေးကောက်ခံနေမှုအပေါ် ဝေဖန်မှုများရှိနေ

မန်းချောင်းအပန်းဖြေ ဆင်စခန်းတွင် ဝင်ကြေးကောက်ခံနေမှုအပေါ် ဝေဖန်မှုများရှိနေ

မကွေး၊ဖေဖော်ဝါရီ ၂၇ ။            ။မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းတွင် လာရောက် လည်ပတ်သူများအား ဝင်ကြေးကောက်ခံနေ၍ ဝေဖန်မှုများရှိနေကြောင်းသိရသည်။

“ဆင်စခန်းအဝင်ဝကနေ ဝင်ကြေးကောက်တယ်။ တစ်ဦးကိုတစ်ထောင်ကျပ် ကားပေါ် လူ(၁၀)ယောက်ပါရင် တစ်သောင်းကျပ် ပေးရတယ်။ လာရောက်လည်ပတ်သူတွေ အထိနာတယ်။နောက်တစ်ခုက ဆင်စခန်းကို လာရောက်လည်ပတ်သူများပြားလာအောင် ဝင်ကြေး၁၀၀၀ ကောက်ယူတာကိုလဲ ဖယ်ရှားသင့်တယ်။ ဆင်စီးခ တစ်ယောက် ၅၀၀၀ ယူထားတာဆိုတော့ လာရောက်လည်ပတ်သူများလာရင် ဝင်ကြေးမယူတာနဲ့ ကာမိမယ်ထင်တယ်” ဟု မကွေးမြို့မှ ဆင်စခန်းလာရောက်သူ ဦးနေမိုးဆွေကျော်က ပြောသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအပါအဝင် တစ်နိင်ငံလုံးတွင် ဆင်စခန်း(၁၉)ခုရှိကြောင်း၊ ဆင်စခန်းအားလုံးတွင် တစ်ဦးလျှင် ဝင်ကြေး တစ်ထောင်ကျပ် ကောက်ခံပါကြောင်း၊ အဆိုပါနှုန်းသည် ဝန်ကြီးဌာန၏ သတ်မှတ်နှုန်းဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းဦးက ပြောသည်။

“ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ပြည်ထောင်စုဘတ်ဂျက် ကျပ်(၂၃၈) သိန်း၊ မကွေးတိုင်း ဒေသကြီးဘတ်ဂျက် ကျပ်သိန်း(၁၀၀၀) စုစုပေါင်း ကျပ်သိန်း(၁၂၃၈)နဲ့ တည်ဆောက်ထားပါတယ်။ ဝင်ကြေး တစ်ဦး တစ်ထောင်ကျပ်ဆိုတာ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတစ်ခုတည်း ကောက်ခံတဲ့ နှုန်း မဟုတ်ပါဘူး။ တစ်နိင်ငံလုံးမှာရှိတဲ့ ဆင်စခန်းအားလုံးမှာ ကောက်ခံတဲ့နှုန်ထားပါ”ဟု တာဝန်ခံ ဒုတိယ အထွေထွေ မန်နေဂျာ ဦးသိန်းဦးက ဆိုသည်။

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလ ဘုရားဖူးလာပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ် ကြည့်ရှုနိုင်စေရန်် ဘုရားပွဲတော်ကာလအမှီဆင်စခန်း ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိတွင် ဆင်အကောင်ရေ (၁၅) ကောင်ဖြင့်လည်ပတ်လုပ်ကိုင်နေကြောင်း ဆင်စီးချိန််ကို နံနက် (၆) နာရီမှ နေ့လယ် (၁၀) နာရီ၊ ညနေ (၃)နာရီမှ(၆)နာရီအထိ သတ်မှတ်ထားကြောင်း ဆင်စီးခအဖြစ် တစ်ဦးလျှင် ကျပ်(၅၀၀၀) သတ်မှတ်ထား ကြောင်း သိရသည်။

“ဆင်စခန်းကွင်းဝင်ကြေး တစ်ယောက် တစ်ထောင်ကောက်တာ အခက်အခဲတွေ ဖြစ်စေတယ်။ ပြည်သူတွေ အနေနဲ့ လာချင်ကြပေမယ့် ဝင်ကြေးကြောင့် အလာနည်းတယ်။ ဝင်ကြေးကို ကားနဲ့ဆိုင်ကယ်ခလောက်ဘဲ ကောက်မယ်ဆို ဆင်စခန်းလည်း စည်ကားလာနိင်မယ်” ဟု ဆင်စခန်းအမှတ်တရ အထည်ဆိုင်ရောင်းသူ မင်းဘူး/စကုမြို့နယ် သံပုရာကိုင်းကျေးရွာမှ ဦးစံလင်းမောင်က ပြောသည်။

အဆိုပါ ဆင်စခန််းသည် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်သို့ သွားသည့် (၈)မိုင်ကားလမ်းဘေး၊ မန်းရွှေစက်တော်ရာဘုရားနှင့် (၃) မိုင်ခန့်အကွာတွင်တည်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆင်စခန်းသို့ ဝင်ရောက်ကြည့်ရှု့လေ့လာလိုပါက ပြည်တွင်း တစ်ဦးလျှင် တစ်ထောင်ကျပ်၊ပြည်ပတစ်ဦးလျှင် တစ်သောင်းကျပ် ဝင်ကြေးပေးဆောင်ရပြီး ဆင်စီးလိုပါက ပြည်တွင်းတစ်ဦးလျှင် ငါးထောင်ကျပ်နှင့် ပြည်ပတစ်ဦးလျှင် တစ်သောင်းကျပ် ပေးဆောင်ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required