"မဘိမ်းမြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲပြုလုပ်"

"မဘိမ်းမြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲပြုလုပ်"

မဘိမ်း၊ဖေဖော်ဝါရီ ၂၇ ။            ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို ရှမ်းပြည်နယ်၊မဘိမ်းမြို့နယ်၊ငါးအိုးကျေးရွာမှ ဒေသ ခံများက ဖေဖော်ဝါရီလ ၂၇ ရက်၊နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့ပြီး NLD ပါတီဝင်များ၊ပြည်နယ်လွှတ်တော် ကိုယ်စားများလည်း ပါဝင်ခဲ့ကြသည်။

 ထောက်ခံသူများသည် ငါးအိုးကျေးရွာ အားကစားကွင်းမှစတင်၍ ကျေးရွာတွင်းလှည့်လည်ကာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြောင်းနှင့်ကြိုဆိုကြောင်းတို့ကို ကြွေးကြော်ခဲ့ကြသည်။

 "၂၀၀၈အခြေခံဥပဒေဆိုတာလည်း ပြင်သင့်ပြင်ထိုက်တဲ့ဟာတွေ ပြင်ကြမှသာလျှင် ကျွန်တော်တို့ တိုင်းပြည် အတွက် အကျိုးရှိမယ်လို့ထင်တဲ့ အတွက်ကြောင့် အခုလိုမျိုး ထောက်ခံပွဲ လုပ်တာပါ။"ဟု မဘိမ်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြောသည်။

 ယခုကဲ့သို့ ထောက်ခံပွဲပြုလုပ်ရန် NLD ဗဟိုက ညွှန်ကြားထားခြင်းမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မိမိ မဲဆန္ဒနယ်ပြည်သူများနှင့်အတူ ပြည်သူတစ်ဦးအနေဖြင့် ဦးဆောင်ပါဝင်ခြင်းလည်း ဖြစ်သည် ဟု ဦးမောင်ညွှန့်ကဆိုသည်။

 "တစ်ချက်နဲ့တစ်ချက် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမှာက ရှေ့နောက် မညီဘူး။ကျွန်တော်တို့က လုပ်ကိုင် ဆောင်ရွက်ရတာခက်တယ်။ဒါဟာ အင်မတန်အရေးကြီးတဲ့အချက်ပဲ။ဥပမာ ဘာဖြစ်မလဲဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ ဒေသရဲ့ ပကတိအခြေအနေကို လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပြင်မှာ မပြောလိုသေးဘူး။သူ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုက အရှေ့နဲ့အနောက်မညီတဲ့အတွက် ရှေ့ပိုင်းမှာ တစ်မျိုး နောက်ပိုင်းမှာတစ်မျိုး ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အောင်မြင်သင့်သလောက်မအောင်မြင်ဘူး။"ဟု မဘိမ်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းသိန်းက ပြောသည်။

 ဒေသ၏ ပကတိအခြေအနေများကို လွှတ်တော်အတွင်း တင်ပြဆွေးနွေးမှုများပြုလုပ်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေအချို့ကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့သည်ဟုလည်း ဦးမင်းမင်းသိန်ကဆိုသည်။ထိုသို့ အခက်အခဲ ဖြစ်ပေါ် ခဲ့သည့် ပုဒ်မများကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

 "၂၀၀၈ဖွဲ့စည်းပုံဆိုတာကလည်း ကျွန်မတို့သိထားသလောက် ဖတ်ဘူးသလောက်ကတော့ ပြည်သူလူထုရဲ့ အခွင့်အရေးကို ချိုးနှိမ်ထားတာလည်းဖြစ်တယ်။လူတစ်စု တစ်ယောက်အတွက်ကို အကာအကွယ် လုပ်ပေး တယ်။ အခွင့်အရေးကို ကာကွယ်ပြီးလုပ်ထားတာဖြစ်တဲ့အတွက် ကျွန်မတို့ပြည်သူတွေအားလုံးက မျှမျှတတနဲ့ အခွင့်အရေးတွေ လိုချင်တဲ့အတွက် ကျွန်မတို့ ပြည်သူတွေဟာ ကောင်မွန်တဲ့ တန်းတူညီမျှတဲ့ မျှမျှတတ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အခွင့်အရေးတွေ လိုချင်လို့ လာခဲ့ခြင်းဖြစ်ပါတယ်။"ဟု ထောက်ခံပွဲတွင်ပါဝင်ခဲ့သည့် ခတ်ပုံ ကျေးရွာမှ ဒေါ်ချိုပြုံးက ပြောသည်။

 မဘိမ်းမြို့နယ်အတွင်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲများကို ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly