ကချင်နှင့် ချင်းပြည်နယ် လမ်းများအဆင့်မြှင့်ရန် JICA က ကူညီ

ကချင်နှင့် ချင်းပြည်နယ် လမ်းများအဆင့်မြှင့်ရန် JICA က ကူညီ
ချင်းပြည်နယ်အတွင်းရှိ ကားလမ်းတစ်ခု။ (ဟောင်ဆာ(ရာမည))

အောက်တိုဘာ ၂ ရက် ။          ။ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဆောင်ရွက်နေသည့် လမ်းအဆင့်မြှင့်တင်တည်ဆောက်ရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က ဂျပန်ယန်းငွေ သန်း ၂၇၄၀ ထောက်ပံ့ကူညီမည်ဟု သိရသည်။

ထောက်ပံ့ရေးသဘောတူစာချုပ် Grant Agreement ကို လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေနှင့် JICA မှ ကိုယ်စားလှယ်ချုပ် Mr. Keiichiro Nakazawa တို့က အောက်တိုဘာ ၁ ရက်နေ့ တွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် လက်မှတ်ရေးထိုးကြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ကချင်ပြည်နယ် ရွှေဘို-မြစ်ကြီးနားလမ်း (နန့်စီးအောင်-မြစ်ကြီးနားအပိုင်း) ၁၄၁ ကီလိုမီတာနှင့် ချင်းပြည်နယ် ကလေး-ဖလမ်း-ဟားခါးလမ်း (ဖလမ်းအပိုင်း) ၁၀၉ ကီလိုမီတာ တို့ကို  လမ်းအဆင့်မြှင့်ရန်နှင့် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းအတွက်ဖြစ်သည်။

ထောက်ပံ့ငွေများနှင့် ယင်းစီမံကိန်းများတွင် အသုံးပြုရန် Ledger Management System၊ စက်မှုသင်တန်း ကျောင်းသုံးစက်ငါးမျိုး အစီး ၂၀၊ လမ်းတံတား သုတေသနသုံးစမ်းသပ်ပစ္စည်းများ၊ ယန္တရားစုံ ၂၃ မျိုး ၁၇၉ စီး တို့ဝယ်ယူရမည်ဖြစ်သည်။

၂၀၁၄ ခကလည်း ကရင်ပြည်နယ်အတွက် ယန္တရား ၁၈ မျိုး စုစုပေါင်း ၆၃ စီးစာ ဂျပန်ယန်းငွေ ၇၅၉ သန်း ကူညီခဲ့သေးသည်။

၂၀၁၅ ခုအတွင်း ရခိုင်ပြည်နယ်အတွက် ယန္တရား ၁၈ မျိုး စုစုပေါင်း ၅၄ စီးအတွက်လည်း ဂျပန်ယန်းငွေ ၇၃၈ ထောက်ပံ့ခဲ့သည်။

Ref; Myanma Alinn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly