မူးယစ်ဆေးဝါးနှိမ်နင်းရေးကို လင်းယုန်စီမံကိန်းကဲ့သို့ ချပြ၍ မရကြောင်း မွန်ပြည်နယ် နယ်လုံ ပြော

မူးယစ်ဆေးဝါးနှိမ်နင်းရေးကို လင်းယုန်စီမံကိန်းကဲ့သို့ ချပြ၍ မရကြောင်း မွန်ပြည်နယ် နယ်လုံ ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၆ ။              ။ မူးယစ်ဆေးဝါး နှိမ်နှင်းရေးနှင့်ပတ်သက်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်နေကာ လုံခြုံရေးအရ လင်းယုန်စီမံကိန်း ကဲ့သို့ ချပြ၍မရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က  ပြောသည်။

 ဖေဖော်ဝါရီလ ၂၅ ရက်က မွန်ပြည်နယ်လွှတ်တော်၌ မွန်ပြည်နယ် အတွင်း လောင်းကစားများ၊ တရားမဝင် ရောင်းချနေသော အရက်၊ ဘီယာများနှင့် မူးယစ်ဆေးဝါးများ နှိမ်နင်းရေးကိစ္စများအား တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လင်းယုန်စီမံချက်ကဲ့သို့ စီမံချက်ချမှတ်၍ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်ပြီး ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မေးမြန်းခဲ့မှုအပေါ် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

 “ လင်းယုန်စီမံချက်ကဲ့သို့ ပြည်သူအားလုံးကို ချပြမည်ဆိုရင် လုံခြုံရေးအရသော်လည်းကောင်း၊ ဖမ်းဆီးရာမှာ တိကျစွာ မိဖို့အတွက် သတင်းပေါက်ကြားမှုအရသော်လည်းကောင်း၊ သတင်းဌာနအနေကလည်း ဖမ်းဆီးရာမှာ သတင်းကိုတင်လိုက်တဲ့အခါမှာ ဆက်စပ်ပြီးတော့မှ တကယ်ရောင်းတဲ့ သတင်းတွေကို ရရှိရေးအတွက် အခက်အခဲများစွာလည်း လက်ရှိမှာလည်း ဖြစ်ပေါ်နေတဲ့ အနေအထားတစ်ရပ်ရှိပါတယ်။ လက်ရှိကလည်း စီမံချက်က ရှိနေပြီးသားပါပဲ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက  ပြောသည်။

 မွန်ပြည်နယ်တွင် လောင်းကစား၊ မူးယစ်ဆေးဝါး၊ ယစ်မျိုးမှုတွေ အလေးထား ဖမ်းဆီးဆောင်ရွက်လျက် ရှိပြီး၂၀၁၇ ခုနှစ် တွင် လောင်းကစားအမှု ၁၄၄ မှု၊ မူးယစ်ဆေးဝါး ၁၇၀ မှုနှင့် ယစ်မျိုးမှု ၁၆၇ မှု ကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လောင်းကစားမှု ၁၇၀ မှု၊ မူးယစ်ဆေးဝါးအမှု ၄၃၄ မှု၊ ယစ်မျိုး ၁၇၇ မှု အရေးယူနိုင်ခဲ့သည်ဟု နယ်လုံပြောဆိုချက်အရ သိရသည်။

 “ စီမံချက်ကိုလည်း လက်ရှိမှာ တွန်းအားပေးပြီးဆောင်ရွက်သွားမယ့် အနေအထားမျိုးကို လက်ရှိဆောင်ရွက် နေပါတယ်။ ဒါကိုတော့ လုံခြုံရေးအရသော်လည်းကောင်း၊ ဖမ်းဆီးရာမှာအခက်အခဲများစွာ ဖြစ်ပွားသွားမှာ ဖြစ်တဲ့အတွက် ဒါတွေကို မပြောနိုင်ခြင်း ဖြစ်ပါတယ်။ လက်ရှိလည်း တွန်းအားပေးပြီးတော့မှ ဆောင်ရွက် သွားမည်ဟု ဖြေကြားအပ်ပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက  ပြောသည်။

 ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ မလိုက်နာသော စည်းကမ်းမဲ့ယာဉ်များကို လင်းယုန်စီမံချက်ဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့ မှစတင်ကာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required