တနင်္သာရီတိုင်းဝန်ကြီးချုပ်အား တိုင်ကြားခဲ့သူများကို ၂၀၂၀ ရွေးကောက်ပွဲဝင်ခွင့်မပေးရန် ဗဟိုကော်မတီသို့ တိုက်တွန်း

တနင်္သာရီတိုင်းဝန်ကြီးချုပ်အား တိုင်ကြားခဲ့သူများကို ၂၀၂၀ ရွေးကောက်ပွဲဝင်ခွင့်မပေးရန် ဗဟိုကော်မတီသို့ တိုက်တွန်း

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ။           ။ တနင်္သာရီတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး တို့အား တိုင်ကြားခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကို ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးရန် ဗဟိုကော်မတီသို့ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က တိုက်တွန်း ပြောဆိုခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံ စုံစမ်းသိရှိရသည်။

 ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်နေ့က ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ကော့သောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သူ ဦးခင်ဇော်က တနင်္သာရီတိုင်းကိုယ်စားပြုပြီး ဆွေးနွေးတိုက်တွန်း ခဲ့ခြင်း လည်းဖြစ်သည်။

 တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် နှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ရှိ ရွေးကောက်ခံကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် NLD ပါတီ ဗဟိုထံ တင်သွင်းထားခြင်းဖြစ်သည်။

 တိုင်းလွှတ်တော်က ပေးပို့သည့် အစီရင်ခံစာတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆွေမျိုးတော်သူအား ကိုယ်ရေး အရာရှိခန့်ထားခြင်း၊ ဆွေမျိုးနီးစပ်သူများကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ငန်းများချထားပေးခြင်း၊ ထားဝယ် လေယာဉ်ကွင်း ခြုံရှင်းလင်းခ ကျပ်သိန်း ၄၀၀၀ ချထားပေးခြင်း၊ ပုလောမြို့တော်ခန်းမ နှင့် နေပြည်တော်ဧည့်ရိပ်သာ တည်ဆောက်ရာ တွင် တင်ဒါမခေါ်ယူခြင်း စသည့်ကိစ္စများ ပါဝင်သည်။

 တိုင်ကြားစာအား လက်မှတ်ရေးထိုးအစီရင်ခံခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးမှာ တိုင်းဒေသကြီး လွှတ်တော်၌ အစိုးရအဖွဲ့ဝင်မဟုတ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးလည်း ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များလည်း ဖြစ်သည်။

 အဆိုပါ အစီရင်ခံစာတင်သွင်းရာတွင် ပါဝင်လက်မှတ်ရေးထိုးထားသူတစ်ဦးဖြစ်သည့် တနင်္သာရီ မြို့နယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက တိုင်ကြားထားမှုများအား စိစစ်ပြီးမှသာ ဘယ်သူမှားသည် မှန်သည်ကို ပြောဆိုရမည်ဖြစ်ပြီး ယခုလို တိုင်ကြားမှုအားအရေးယူရန် ပြောဆိုခဲ့ခြင်းသည် တိုင်ကြားသူများအား မလေးစားရာ ရောက်သည်ဟု ပြောဆိုခဲ့သည်။

 “ကျွန်တော်တို့ ၁၄ ယောက်က လီဆယ်ပြီးတော့ စိတ်ခံစားချက်နဲ့ တိုင်ကြားထားရင် အဲ့ ၁၄ ယောက်ကို ပါတီကနေ ပြင်းထန်စွာအရေးယူပေးဖို့ ပြောရမှာ။ တကယ်လို့ ၁၄ ယောက်က မှန်ပြီးတော့  တစ်ယောက်က မှားလို့ရှိရင် အဲ့တစ်ယောက်ကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူပေးဖို့ ဗဟိုကော်မတီ အစည်းအဝေးမှာ တင်သွင်းသင့်တယ်လို့ ထင်တယ်” ဟု ဦးရဲမြင့်ဆွေက ဆိုသည်။

 ယင်းသို့တိုက်တွန်းပြောဆိုမှုများနှင့် ပတ်သက်ပြီး ကော့သောင်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်အား မဇ္စျိမ က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။ သို့သော်လည်း ဒေသတွင်း ပါတီပုံရိပ်ကို ရုပ်ဆိုးစေခြင်းကြောင့် မျိုးဆက်သစ်တို့ အတုယူမမှားစေရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဦးခင်ဇော်မှ ပြောဆိုခဲ့ခြင်း Myanmar Now သတင်းဌာန၏ သတင်းတွင် ရေးသားဖော်ပြထားသည်။

 ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်မှ NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေး တွင် တိုင်ကြားသူ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကို အရေးယူရန် ပြောဆိုမှုများ ပါတီတွင်း ဆွေးနွေးမှုများ ဖြစ်သောကြောင့် မှတ်ချက်ပေးရန် ခက်သည်ဟု လောင်းလုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သူ ဦးဗိုလ်ထွေးမှ ဆိုသည်။

 “အဲ့ဒါက အစည်းအဝေးထဲမှာပြောတယ်ဆိုတော့ အတည်ပြုဖို့ခက်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ ဒီလို ဒီလိုရှိတယ်ဆိုပြီး ဆွေးနွေးတာဖြစ်တယ်။ ဒါတွေက အတည်ဖြစ်လား မဖြစ်လား ပြောဖို့ခက်တယ်” ဟု ဦးဗိုလ်ထွေးကဆိုသည်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း၌   တနင်္သာရီ ဝန်ကြီးချုပ် ၊ တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် စီမံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့အား ရာထူးမှ ဖယ်ရှားပေးရန် ဒေသခံပြည်သူအချို့က တောင်းဆိုမှုများ ရှိခဲ့သည်။

 ယင်းခရီးစဉ်အတွင်း၌ “တနင်္သာရီတိုင်းဒေသကြီးကို လာရတဲ့ အကြောင်းရင်းတစ်ခုကလည်း တိုင်းဒေသကြီး အစိုးရကို ဆုံးမဖို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဒေသခံတစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly