ဆင်သတ်ဖြတ်သူများကို အမြင့်ဆုံး ထောင်ဒဏ် ၁ဝ နှစ်ချမှတ်နိုင်

ဆင်သတ်ဖြတ်သူများကို အမြင့်ဆုံး ထောင်ဒဏ် ၁ဝ နှစ်ချမှတ်နိုင်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ။       ။     အသစ်ပြဋ္ဌာန်းလိုက်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအရ လုံးဝကာကွယ်တားမြစ်ထားသည့် ဆင်များအား သတ်ဖြတ်ပါက အမြင့်ဆုံးထောင်ဒဏ် ၁ဝ နှစ်အထိချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်း ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအရ ဆင်များအား သတ်ဖြတ် ခြင်း၊ အမဲလိုက်ခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများအား တရားမဝင် ဝယ်ယူရောင်းချပါက အနိမ့်ဆုံး ထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် ၁ဝ နှစ်အထိ မဖြစ်မနေကျခံရမည်ဖြစ်ကြောင်း ဦးသိန်းတိုးက မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

" အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာထွက်လာခဲ့တယ်။ ဒီဥပဒေအရဆိုရင် ကျွန်တော်တို့က နဂိုကတည်းကလည်း ဆင်ကတော့ လုံးဝကာကွယ်တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန်ထဲမှာပါတယ်။ အဲ့ဒီလို လုံးဝကာကွယ်တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန်မျိုးကို သတ်ဖြတ်တာတွေ၊ အမဲလိုက်တာတွေ၊ သူတို့ရဲ့ အစိတ်အပိုင်းကို တရားမဝင် သယ်ယူတာတွေ၊ ရောင်းချတာတွေ လုပ်တယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၁ဝ နှစ်အထိ ကျခံစေရမည်လို့ သူက မဖြစ်မနေ ကျခံရမယ်လို့တောင်ပါထားတယ်ဆိုတော့ တော်တော်ပြင်းထန်ပါတယ်။ အရင်တုန်းက ဥပဒေမှာကျတော့ ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ငွေဒဏ် ဘယ်လောက်ဖြစ်စေဆိုပြီးတော့ ပေးထားတဲ့အခါကြတော့ ဒီအပေါ်မှာတော့ ငွေဒဏ်လည်း ဖြစ်သွားနိုင် တယ်"ဟု သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

တောရိုင်းသတ်ဖြတ်ခံရမှုမှာ တစ်နိုင်ငံလုံးအတွင်း  ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် ၃၅ ကောင်၊ ၂ဝ၁၆ ခုနှစ်တွင် ၂၆ ကောင်နှင့် ၂ဝ၁၇ ခုနှစ်တွင် ၅၉ ကောင်ထိအသတ်ခံရမှုဖြစ်လာပြီး တောဆင် ရိုင်းအသတ်ခံရမှုမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပွားနေကြောင်း သစ်တောဦးစီးဌာနမှ စာရင်းအရ သိရသည်။

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄) ကို ပြောင်းလဲလာသည့် အခြေအနေများနှင့် လျော်ညီစေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုပြင်ရေးဆွဲ၍ ၂၀၁၈ ခုနှစ်၊ မေလ ၂၁ရက်က “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly