"မန္တလေးစည်ပင်သာယာရေး ဥပဒေ ပြင်ဆင်ရန် ကြိုးစားနေ"

"မန္တလေးစည်ပင်သာယာရေး ဥပဒေ ပြင်ဆင်ရန် ကြိုးစားနေ"

မန္တလေး၊ဖေဖော်ဝါရီ ၂၆ ။                ။ လက်ကျန်အစိုးရသက်တမ်း ၂နှစ်အတွင်း ယခင်အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် စည်ပင်သာယာရေး ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။

 "ကျွန်တော်တို့က သက်တမ်း နှစ်နှစ်ပဲကျန်တော့တယ်။ဒီသက်တမ်း နှစ်နှစ်အတွင်းမှာ ဒီစည်ပင်သာယာရေး ဥပဒေမှ ပြီးအောင်ဆွဲမသွားနိုင်ဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကို ပြောစရာ ဖြစ်လာမှာ။ စည်ပင်သာယာ ရေး ဥပဒေကို ကျွန်တော်တို့ကဘာကြောင့် ပြင်ရတာလဲ။ရေးထားတဲ့ ဥပဒေပြဋ္ဌာန်းချက်ဟာ ဒီစာသားတွေ ဖတ်ကြည့်လိုက်ရင်ကို ဒါသာမန်လူရေးထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ဥပဒေစကားနဲ့ လုံးဝ မကိုက်ညီဘူး။ ဥပဒေ စကားဆိုတာ ထိရောက်မှုရှိရမယ်။တိုတောင်းမှုရှိရမယ်။ပြတ်ပြတ်သားသားလည်းရှိရမယ်။အခုဟာက သာမာန် စာရေး တတ်တဲ့သူ တစ်ယောက်ကရေးတာမှ ဖတ်လို့ကောင်းဦးမယ်။ဒါကျွန်တော်တို့ အစိုးရလက်ထက်မှာ ရေးတဲ့စာ မဟုတ်ဘူး။ဒါအရင်အစိုးရလက်ထက်က ရေးသွားတဲ့ ဥပဒေစာသား။"ဟု ဦးအောင်ကျော်ဦးက ပြောသည်။

စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်နိုင်ရန်ကြိုးစားနေသလို ယခင်အစိုးရလက်ထက်က ရေးဆွဲထားခဲ့သည့် ဥပဒေများအားလုံးကို ပြင်သင့်လျှင်ပြင်နိုင်ရန််နှင့်ဖျက်သင့်လျှင် ပယ်ဖျက်ရန်အတွက် ကြိုးစားနေသည်ဟုလည်း ဦးအောင်ကျော်ဦးကဆိုသည်။

"စည်ပင်သာယာရေးဥပဒေ တစ်ခုလုံးကို ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားနေပါတယ်။ဒါတင်မကဘူး အရင်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ဥပဒေတွေ အားလုံးကိုလည်း ပြင်သင့်ရင်ပြင်ရအောင် ဖျက်သင့်ရင် ဖျက်ရအောင် ဒါကော်မတီ ၁၄ ခုစလုံး ပေးဖတ်ခိုင်းထားပါတယ်။"ဟု ဦးအောင်ကျော်ဦးကပြောသည်။

 ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ကလည်း ယခင်ရေးဆွဲထားသည့် ဥပဒေများသည် အနက်အဓိပ္ပါယ် ဖွင့်ဆိုရန် အလွန်ခဲယဉ်းနေသည့်အတွက် ပြင်ဆင်ရန် ကြိုးစားသလို စကားရပ်များနှင့် ပြစ်ဒဏ်များကိုလည်း ပြင်ဆင်ရန်လိုအပ်နေသည်ဟုဆိုသည်။

ဦးတင်အောင်သည် ဖေဖော်ဝါရီလ ၂၆ ရက်၊နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၇.၉.၂၀၁၈နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၈ သည်ဥပဒေပါ အင်္ဂါရပ်များနှင့်မညီညွှတ်သည့်အပြင် ပြည်သူများအတွက် ကြီးလေးသော ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေနိုင်သည့်အတွက် ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သည်။

 ထိုအဆိုကို အမရပူရမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ထောက်ခံခဲ့ပြီး ဆွေးနွေးနိုင်ရန်အတွက်လည်း လွှတ်တော်က လက်ခံထားသည်။

 အဓိက စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေး အဖွဲ့ကို ဖေဖော်ဝါရီလ ၂၆ ရက်၊နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

 ထိုအဖွဲ့တွင် NLD လွှတ်တော်ကိုယ်စားအများစုပါဝင်ပြီး ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလည်း တစ်ချို့လည်း ပါဝင်သည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly