မြန်မာနိုင်ငံတွင် ပထမဆုံးသော ဆင်ပြတိုက်အား လာမည့် မတ်လ ၃ ရက်တွင် ဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးသော ဆင်ပြတိုက်အား လာမည့် မတ်လ ၃ ရက်တွင် ဖွင့်လှစ်မည်
ဆင်ပြတိုက်တွင် ပြသထားသော အရေခွံခွာခံရသည့်  ဆင်ပေါက်ငယ် ပုံအရုပ်။ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင် )

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ။       ။တောဆင်ရိုင်းများသာမက အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး ဆင်များ၊ မွေးမြူထားသော ဆင်များပါ ပစ်မှတ်ထားသတ်ဖြတ်မှု မြင့်တက်လာမှုကြောင့် ဆင်သတ်ဖြတ်မှုများကို အသိပညာပေးရန်အတွက် မြန်မာ နိုင်ငံတွင် ပထမဆုံးသော ဆင်ပြတိုက်ကို လာမည့် မတ်လ ၃ ရက် နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

ယင်းဆင်ပြတိုက်အား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ သဘာဝသမိုင်းပြတိုက်အရှေ့တွင် ပြသသွားမည်ဖြစ်ပြီး မတ်လ ၃ ရက်နေ့မှ စပြီး ၃ လအတွင်း အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆင်ပြတိုက်အား ဖွင့်လှစ်ရခြင်းမှာ ဆင်အသတ်ခံရမှု ပိုမိုမြင့်တက်လာသည့်အတွက် ပညာပေးပုံစံဖြစ် အောင် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း တောရိုင်းသတ်ဖြတ်ခံရမှုမှာ တစ်နိုင်ငံလုံးတွင်၂ဝ၁၅ ခုနှစ်၌ ၃၅ ကောင်၊ ၂ဝ၁၆ ခုနှစ်တွင် ၂၆ ကောင်နှင့် ၂ဝ၁၇ ခုနှစ်တွင် ၅၉ ကောင်အထိအသတ်ခံရမှုဖြစ်လာပြီး တောဆင် ရိုင်း အသတ်ခံရမှုမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။

"  ၅၉ ကောင်ဆိုတဲ့ အားက မနည်းဘူးလေ။ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးမှာမှ ၅၂ ပတ်ပဲရှိတယ်။ တစ်ပတ်မှာ တစ်ကောင်နှုန်းမက သတ်ခံရတယ်ဆိုတဲ့ သဘောဖြစ်လာပြီ။ကျွန်တော်တို့က ဒါကိုမှာ မထိန်းသိမ်းတော့ဘူး ဆိုရင် နောင်လာနောင်သားတွေအတွက်ကို ဆင်ဟာ အရုပ်ရေးရမယ့် သဘောဖြစ်နေပြီ။ ဒါကြောင့်မို့လို့ အခုချိန်ကစပြီးတော့ မဖြစ်မနေထိန်းဖို့လိုတယ်။ ဒီဟာတွေအတွက်ကို ပြည်သူတွေကို ပညာပေးဖြစ်ဖို့အတွက် ကိုလည်း ဒီလိုပြတိုက်တစ်ခုကို ဖန်တီးပြီးတော့ ဆောင်ရွက်မှ သာလျှင်ဖြစ်တော့မယ်ဆိုပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ရခြင်းဖြစ်တယ်"ဟု သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

ပြတိုက်အတွင်း မြန်မာသမိုင်းတွင် တောင်ရိုင်းဆင်များနှင့် အိမ်မွေးဆင်များ၏ အရေးပါသည့်  အခန်းကဏ္ဍများ၊  လက်ရှိတွင် ဆင်များ၏ ရင်ဆိုင်ကြုံတွေ့နေရသော အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှု အန္တရာယ်များနှင့် အဆို ခြိမ်းခြောက်မှုများအား ကာကွယ်ရန် အသိပညာပေးသည့် အပိုင်းများကို စုံစုံလင်လင်ပြသထားပြီး ရှားပါးလှ သည့်  ဆင်စွယ်အနက်၊ ကျောက်ဖြစ်ရုပ်ကြွင်းများ၊  ဆင်များ၏ အစိတ်အပိုင်းများ၊ ဆင်အရိုးစုနှင့် ဆင်များ၏  အလေ့အထများကိုလည်း ရုပ်သံပြကွက်၊ ကိုင်တွယ်ထိတွေ့ကြည့်ရှုနိုင်အောင် ပြသထားသည်။

" ဆင်အရေပြားတွေကို မှောင်ခိုစျေးကွက်မှာ ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆအလွဲပေါ့နော်။ ဒါမျိုးရောင်း ချနေတယ်။ တကယ်တမ်းက ဘာမှလည်း ဆေးဖက်မဝင်ဘူး။ အဲ့ဒီအယူအဆမှာတွေနဲ့ ဝယ်တဲ့သူရှိတဲ့အတွက် ရောင်းတဲ့သူရှိတယ်။ ဒါကြောင့် ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆမှားတွေလည်း တိုက်ဖျက်ဖို့လိုတယ်။ နောက်ဆင်စွယ်ကရတဲ့ အသုံးအဆောင်တွေကိုလည်း အနုပညာလက်ရာလို့ မခံစားဘဲနဲ့ ဒီပြတိုက်မှာ ရောင်းရန်၊ ဝယ်ရန် မသင့်သော ပစ္စည်းများလို့ ပြပေးထားတယ်"ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပြတိုက်အတိုင်ပင်ခံပညာရှင်၊ ဆင်ပြတိုက် အကြံပေး ဒေါ်နုမြဇံက မဇ္စျိမသို့ ပြောသည်။

ဆင်ပြတိုက်သို့ ဝင်ကြေးအား လက်ရှိတွင် သတ်မှတ်ထားခြင်းမရှိသေးဘဲ ၃ လအခမဲ့ဖွင့်လှစ်ထားမည်ဖြစ်ကာ ၃ လပြည့်ပြီးနောက် ထိုက်သင့်သော ဝင်ကြေးအား သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သစ်တော ဦးစီး ဌာနမှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံတွင် ပထမဆုံးသောဖြစ်သော ဆင်ပြတိုက်အား မတ်လ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့အထိမ်းအမှတ်အဖြစ်လည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယင်းနေ့တွင် ဖမ်းဆီးရမိ သော ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကိုလည်း  မီးရှိုးဖျက်ဆီး သွားမည် ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly