အမေရိကန်၏ C-130 ကုန်တင်လေယာဉ် အာဖဂန်တွင်ပျက်ကျ ၁၁ ဦးသေဆုံး

အမေရိကန်၏ C-130 ကုန်တင်လေယာဉ် အာဖဂန်တွင်ပျက်ကျ ၁၁ ဦးသေဆုံး

ဝါရှင်တန်၊ အောက်တိုဘာ ၂ ။           ။ အောက်တိုဘာ ၂ ရက်နေ့က အာဖဂန်နစ္စတန်အရှေ့ပိုင်း ဂျာလာလာဘတ်မြို့တွင် အမေရိကန်၏ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ် C-130 တစ်စင်းပျက်ကျခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင် ခြောက်ဦးအပါအဝင် လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လေယာဉ်ပေါ်ပါ တပ်ဖွဲ့ဝင်ခြောက်ဦးနှင့် အရပ်သားကန်ထရိုက်တာ ငါးဦးသေဆုံးသွားကြောင်း အမေရိကန်ဗိုလ်မှူးကြီး ဘရိုင်ယန်ထရိုင်ဘတ်စ်က ပြောသည်။ လေယာဉ်မှာ အောက်တိုဘာ ၂ ရက်နေ့ နံနက်က ဒေသစံတော်ချိန် သန်းကောင်ယံအချိန်ခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ကန်တရိုက်တာများသည် နေတိုးဦးဆောင်သည့် လေ့ကျင့်ပေးရေးမစ်ရှင် Resolute Support အတွက် လုပ်ငန်းဆောင် ရွက်နေသူများဖြစ်သည်။

C-130 Hercules သည် လော့ခ်ဟိဒ်မာတင်ကုမ္ပဏီက ထုတ်လုပ်သော ကုန်တင်လေယာဉ်တစ်မျိုးဖြစ်သည်။ တာဘိုအင်ဂျင်လေးလုံးတပ် ၎င်းလေယာဉ်အား တပ်ဖွဲ့ဝင်များနှင့် လေးလံသည့် အသုံးအဆောင်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် အမေရိကန်စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသည်။

ယင်းလေယာဉ်သည် ကြမ်းတမ်းသောလမ်းငယ်မှ အဆင်းအတက်ပြုလုပ်နိုင်ပြီး ရန်သူ့နယ်မြေများတွင် အမေရိကန်စစ်တပ်က ကျယ်ပြန့်စွာသုံးလေ့ရှိသည်။ ပျက်ကျခဲ့သည့် နေရာဂျာလာလာဘတ်သည် ပါကစ္စတန်နှင့် ထိစပ်နေသည့် အာဖဂန်အရှေ့ပိုင်းတွင် ရှိသည်။

နောက်ထပ်သတင်းအချက်အလက်များရှာဖွေစုဆောင်းနေသည်ဟု ပင်တဂွန်က ပြောသည်။ ပျက်ကျသည့် အကြောင်းရင်းကို ချက်ခြင်း မသိရသေးသော်လည်း လေယာဉ်ကို ၎င်းတို့ ပစ်ချခဲ့သည်ဟု တာလီဘန်တို့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly