ထိန်းသိမ်းရမည့်အဆောက်အဦ ဖြစ်၍ မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

ထိန်းသိမ်းရမည့်အဆောက်အဦ ဖြစ်၍ မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်
ဓာတ္ပံု-သူရ/မဇိၩမ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ။         ။    ထိန်းသိမ်းရမည့် အဆောက်အဦ ဖြစ်ကြောင်း အသုံးပြုသူများကို အသိပေးသည့်သဘောအနေဖြင့် မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား Blue Plaque ကို တပ်ဆင်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ စီမံချက်အရာရှိ ဦးသူရိန်အောင်က ပြောသည်။

“ကျွန်တော်တို့ အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ ထိုးထားတာဖြစ်တဲ့အတွက် နိုင်ငံခြားဧည့်သည်တွေလည်း မြို့ရဲ့ သမိုင်းကို အလွယ်တကူသိရှိနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဒီအဆောက်အဦ အသုံးပြုနေတဲ့သူတွေ အတွက် ဒီအဆောက်အဦက တန်ဖိုးထားထိန်းသိမ်းရမယ့် အဆောက်အဦတစ်ခုဆိုတာကို ပိုပြီးတော့ အသိပေးရာ ရောက်တယ်ပေါ့နော် ” ဟု ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့စီမံချက်အရာရှိက ဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် သက်တမ်းအရင့်ဆုံးအဆောက်အဦများ ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် ဗြိတိသျှသံရုံးကို ရန်ကုန်မြို့ပြအမွေအနှစ်အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ပြီး မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာပါ အပြာရောင်ကမ္ဗည်းပြား Blue Plaque တပ်ဆင်ခဲ့သည်။

 “အပြာရောင်ကမ္ဗည်းပြားတွေကတော့ ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ အဆောက်အဦတွေကို အများပြည်သူပိုပြီး သိရှိလာစေဖို့ ရည်ရွယ်တယ်။ ဒီ အဆောက်အဦတွေက အမွေအနှစ် အဆောက်အဦတွေ။ သူတို့ရဲ့ နောက်မှာ သမိုင်းကြောင်းတွေ အများကြီးရှိတယ်။ ဒီသမိုင်းကြောင်းတွေကိုလည်း အများပြည်သူ ပိုပြီးသိရှိလာစေဖို့ ရည်ရွယ်တယ်” ဟု ဦးသူရိန်အောင်က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဗြိတိသျှကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြာရောင်ကမ္ဗည်းပြားကို ဗြိတိသျှသံရုံးအဆောက်အဦတွင် တပ်ဆင်ခြင်းနှင့် ပြန်လည်မွမ်းမံထားသော ဗြိတိသျှကောင်စီစာကြည့်တိုက်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့( Yangon Heritage Trust) က ရန်ကုန်ရှိ အမွေအနှစ် အဆောက်အအုံများတွင် အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်ခြင်းလုပ်ဆောင်မှုများကို ၂၀၁၄ ခုနှစ် ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ယခု ဗြိတိသျှကောင်စီတွင် ၂၈ ခုမြောက် တပ်ဆင်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly