ဆလုံတို့၏ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲလာ

ဆလုံတို့၏ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲလာ

ဖေဖေါ်ဝါရီ ၂၆ ရက် ။         ။     လူဦးရေ ထောင်ဂဏန်းခန့်သာ ကျန်ရှိတော့ပြီး မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံ (မွန်ကင်း) လူမျိုးတို့အနေဖြင့် ၎င်းတို့၏ မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်သော ငါး၊  ပုစွန် ဖမ်းဆီးခြင်းအလုပ်မှာ လုပ်ကိုင်ရန် ခက်ခဲလာသည်ဟု သိရသည်။

ပုလဲမွေးမြူရေးလုပ်ငန်းနှင့် ကမ်းဝေးငါးဖမ်းလှေများက အလွန်အကျွံဖမ်းဆီးမှုများ ကြီးစိုးလာပြီး ယင်းကဲ့သို့ ခက်ခဲလာခြင်း ဖြစ်သည်။

“အခုက ငါး၊ ပုဇွန်တွေက ကမ်းနီးမှာ ရှာစားလို့ မရတော့ဘူး၊ လှေသေးသေးလေးတွေနဲ့ ဟို အဝေးကြီး ဖြစ်တဲ့ ပင်လယ်ပြင်မှာ ထွက်ဖမ်းနေရတယ်၊ ကျွန်းတွေမှာက ပုလဲမွေးမြူရေး စခန်းတွေက ဖမ်းဆီးခွင့် မပေးတော့ဘူး၊ ကျွန်းတွေနားကပ်ရင် ကျွန်တော်တို့ ဆလုံ လူမျိုးတွေ ဟန့်တား ခြိမ်းခြောက်နှင်ထုတ်တာတွေကို မကြာခဏ ကြုံရပါတယ်”ဟု  ကျွန်းစုမြို့နယ်၊ ဒုံးပုလဲကျေးရွားနေ ဆလုံးလူမျိုး ဦးမျိုးဇော်က မဇ္ဈိမသို့ ပြောသည်။

ကျွန်းပေါင်း ၈၀၀ ကျော် ပိုင်ဆိုင်ထားသော တနင်္သာရီ ကမ်းရိုးတန်း၌ ယခင်က ကျောက်ဆောင်နဲ့ ကျွန်းအနီးတွင် သစ်လုံးကြီးကို ထွင်းထုထားသည့် လှေငယ်များဖြင့် ဆလုံလူမျိုးတို့က ငါး၊ ပုစွန်များကို မိရိုးဖလာ လုပ်ငန်းတစ်ခုအနေဖြင့် ဖမ်းဆီးရောင်းချရင်း အသက်မွေးလာခဲ့ကြခြင်း ဖြစ်သည်။

၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးတွင် ထို ဆလုံတို့လည်း ပါဝင်ပြီး လူဦးရေ  အနည်းဆုံးဖြစ်သည်။ ၎င်းတို့ကို ပင်လယ်ပျော်ဆလုံလူမျိုးဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

မြိတ်ကျွန်းစု အတွင်းမှာ ယခုအခါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် ပုလဲမွေးမြူရေး လုပ်ငန်းကို အစိုးရက ခွင့်ပြု ပေးထားရာမှ ယင်း လုပ်ငန်းရှင်များက ပင်လယ်ပြင်တွင် ဧက သောင်းနှင့် ချီ၍ တိုးချဲ့ လုပ်ကိုင် လာခြင်းဖြစ်သည်။

ထို့ကြောင့် တချို့သော ကျွန်းများတွင် ကန့်သတ် ဧရိယာများအဖြစ် သတ်မှတ်လိုက်ရာမှ ဆလုံလူမျိုးများမှာ ငါး၊ ပုဇွန်များကို ရှာဖွေ စားသောက် အသက်မွေးရန် ခက်ခဲလာခြင်းဖြစ်သည်။

“အရင်ကဆိုလျှင် ကျွန်မ အမျိုးသားက ရေလုပ်ငန်း ဖြစ်တဲ့ သံချွန်နဲ့ ငါးထိုးဖမ်းတယ်၊ ကင်းမွန်ဖမ်းတာတွေ လုပ်ပါတယ်။ အခုက ငါး၊ ပုဇွန်တွေက ကမ်းနီးမှာ ရှားပါးလာတော့ ဟိုအဝေးကြီးမှာ ရေနယားနဲ့ ကျောက်ပုစွန်တွေ ဖမ်းဆီးတဲ့ အလုပ်တွေကို ပြောင်းရွေ့ လုပ်ကိုင်နေရတယ်။ အနီးနားမှာ ရှိတဲ့ ကျွန်းတွေမှာ ဆိုလျှင် သွားဖမ်းလို့ မရပါဘူး”ဟု ဒုံးပုလဲအော်ကျေးနေ ဆလုံ လူမျိုး အမျိုးသမီး တစ်ဦးဖြစ်သူ မဝင်းနွယ်က ဆိုသည်။

ဆလုံ လူမျိုးများမှာ မိရိုးဖလာ လုပ်ငန်းကို ရေရှည် လုပ်ကိုင် စားသောက် နိုင်ရန် အတွက် ထိုဒေသတွင် ခရီးသွား လုပ်ငန်းကို သာ အဓိက လိုလားနေကြပြီး၊ ပုလဲမွေးမြူ လုပ်ငန်းကိုမူ ဟန့်တား ခြိမ်းခြောက်မှုများ ရှိနေ၍ မကြိုဆို ချင်ကြပေ။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly